ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းကို အကာအကွယ်ပေးမည့် ထိရောက်သော ဖြေရှင်းနည်းများ ဖော်ဆောင်နိုင်ရန် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်

ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းကို အကာအကွယ်ပေးမည့် ထိရောက်သော ဖြေရှင်းနည်းများ ဖော်ဆောင်နိုင်ရန် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / August 26, 2025


နေပြည်တော် ဩဂုတ် ၂၅

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပြည်သူချင်း ထိတွေ့ ဆက်ဆံမှုများကို မြှင့်တင်ပေးရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးများကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ရန် ရည်ရွယ်၍ အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဖိုရမ်နှင့် ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ စာရင်းအင်းများ တစ်ပြေးညီဖြစ်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အာဆီယံ-တရုတ်ဗဟိုဌနနှင့် လန်ချန်း-မဲခေါင် ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ဖိုရမ်နှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အာဆီယံ-တရုတ်ဗဟိုဌာနမှ အတွင်း ရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်ဒဂုံခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နေမှုအခြေအနေများ၊ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန် သွားလာလည်ပတ်နေမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူစာချုပ်နှင့် နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

ယင်းနောက် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ-တရုတ်ဗဟိုဌာနမှအတွင်း ရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ လန်ချန်း- မဲခေါင်ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ တာဝန်ခံအတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များ၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ အမှုဆောင်ဒါရိုက်တာ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ သတင်း မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖိုရမ်မှတစ်ဆင့် အတွေးအမြင်များ၊ ဗဟုသုတ များနှင့် ဆန်းသစ်သော ဖြေရှင်းနည်းများကို ဖလှယ်ခြင်းဖြင့် လက်တွေ့ကျသော မဟာဗျူဟာများကို ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းကို အကာအကွယ်ပေးမည့် ထိရောက်သော ဖြေရှင်းနည်းများကို ဖော်ဆောင်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးကြီးပါကြောင်း၊ အာဆီယံ-တရုတ်နိုင်ငံများအကြား အပြန်အလှန်ပံ့ပိုး ကူညီ ခြင်းဖြင့် ကမ္ဘာအနှံ့မှ ခရီးသွားများအတွက် ကောင်းမွန်သော အသိုက်အဝန်းတစ်ခုကို ဖော်ဆောင် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံ-တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် Mr. Shi Zhongjun၊ လန်ချန်း-မဲခေါင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ Mr. Davuth LY တို့က အမှာစကားများပြောကြားကြပြီး အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်၏ ဗီဒီယိုမက်ဆေ့ချ်ကို ပြသသည်။

ယင်းနောက် ဖိုရမ်အား ဆက်လက်ကျင်းပရာ ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ခရီးသွားလုံခြုံရေးနှင့် ဘေးကင်းရေး၊ ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ လုံခြုံစိတ်ချစွာလည်ပတ်နိုင်စေရေး၊ ဒစ်ဂျစ်တယ်ခေတ်တွင် ခရီး သွားလုပ်ငန်းလုံခြုံရေး၊ လုံခြုံပြီး ခံနိုင်ရည်ရှိသော ခရီးသွားပတ်ဝန်းကျင်မှတစ်ဆင့် ဒေသဆိုင်ရာ တိုးတက်မှု၊ လုံခြုံရေးနှင့် ဘေးကင်းသော ခရီးသွားလုပ်ငန်းခေါင်းစဉ်တို့ဖြင့် သက်ဆိုင်ရာနိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းများ တစ်ပြေးညီဖြစ်စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ တက် ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာ Mr. Shi Zhongjun က အမှာစကားပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ခရီးသွားလာမှုလွယ်ကူချောမွေ့ရေးကဏ္ဍ၏ အရေးပါမှု၊ သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းစာရင်းအင်းများ အသုံးချခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်း အင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး၏ အလေ့အထကောင်းများနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းခေါင်းစဉ်တို့ဖြင့် ကျင်းပရာ သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်များက ဆွေးနွေး ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin