ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်နှင့်အညီ

ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်နှင့်အညီ


Ministry of Information/ Naypyitaw / July 21, 2025
image_latest


နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်မှုဖြင့် လက်နက်ကိုင်အကြမ်းဖက်အမျိုးမျိုးမှ အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာနေကြပြီး ၎င်း တို့ကဲ့သို့ပင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ ကျန်ရှိနေသေးကြောင်း သတင်းများတွင်တွေ့ရသည်။ တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထားပြီး မိမိစခန်းများကို လာရောက်တိုက်ခိုက်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများတွင်အကျုံးဝင်သည့် လှုပ်ရှားမှုများပြုလုပ်ခြင်းတို့အပေါ် ပြန်လည်တုံ့ပြန်ခြင်းမှတစ်ပါး ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သတ်ရပ်ဆိုင်းပေးထားခဲ့သည်။

ယင်းသို့ ရပ်ဆိုင်းပေးထားသည့် ကာလနောက်ပိုင်း တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူ တန်ပြန်တိုက်ခိုက် ချေမှုန်းရေး ထိုးစစ်ဆင်မှုများကို ဒေသအနှံ့အပြားတွင် ဆောင်ရွက်လာခဲ့သည်။ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ၎င်းတို့၏ အပြုအမူ၊ လုပ်ရပ်များအပေါ်တွင် ရွံရှာမုန်းတီးနေပြီဖြစ်သည့် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်နွှဲပွဲများအပေါ် အားပေးထောက်ခံမှုများ တစ်ခဲနက်ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်ကို ဆန့်ကျင်လိုမှု တစ်ခုတည်းနှင့် အယူဝါဒမတူ၊ ယုံကြည်ချက်၊ မျှော်မှန်းချက်မတူ သော အဖွဲ့များပူးပေါင်းထားသည့် လက်နက်ကိုင်သောင်းကျန်းသူများမှာ ၎င်းတို့အချင်းချင်းကြားတွင် ခွဲခြားဆက်ဆံမှု၊ နိုင်လိုမင်းထက်ပြုမှု၊ မယုံသင်္ကာဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိကာ မသူတော်အချင်းချင်း ယာယီပေါင်းသင်းနေကြခြင်းဖြစ်ပြီး တစ်ချိန်ချိန်တွင် စာရင်းရှင်းကြမည့်အခြေအနေမျိုးဖြင့် ဟန်ဆောင်ပူးပေါင်းနေကြခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ အတင်းအဓမ္မစုဆောင်းခံထားရသည့် အောက်ခြေအဖွဲ့ဝင်များမှာ အဖွဲ့အစည်းကို စိတ်ကုန်ပြီး ငြိမ်းချမ်းသည့်ဘဝတွင် ပြန်လည်နေထိုင်ရန်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

သို့ရာတွင် EAO များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်ပိုင်းလူများမှာ အဆုံးထိသွားမည်ဟူသော စိတ်ကူးယဉ် အိပ်မက်ကို မက်နေဆဲဖြစ်ပြီး ၎င်းတို့ရရှိထားသည့်နေရာ၊ ဩဇာအာဏာနှင့် ဥပဒေမဲ့ရရှိထားသော ငွေကြေးစည်းစိမ်ဥစ္စာများကြောင့် တိုက်ပွဲများပြီးဆုံးသွားမည်ကိုပင် မလိုလားမှုများဖြစ်နေသည်ဟု ဆိုဖွယ်ရာများ ရှိနေသည်။ အဆုံးထိသွားမည်ဆိုသော စိတ်ကူးယဉ်မျှော်မှန်းချက်မှာ နိုင်ငံတွင် မရှိမဖြစ်တည်ထောင်ထားသည့် တပ်မတော်ကို အမြစ်ပြတ်ဖြုတ်ရန်ဟူ၍ဖြစ်ပြီး စကတည်းက မှားယွင်းနေခြင်းပင်ဖြစ်သည်။ စင်စစ်အားဖြင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးသမားအများစုတို့၏ စဉ်းစားပုံမှာ အကြမ်းစားဆန်ကြသည်။ တော်လှန်ရေးကို အနိုင်တိုက်ပြီး နိုင်ငံကို သုညမှပြန်စမည်ဆိုသည့်အတွေးမျိုး စားပွဲဝိုင်းတစ်ခုလုံး ဆွဲလှန်ချပြီး အောက်ကတစ်စေ့ချင်း ပြန်ကောက်စားကြမည်ဆိုသည့် ပုံစံမျိုးစဉ်းစားကြသူများက များသည်။ ပကတိအရှိတရားနှင့် အဖြစ်နိုင်ဆုံး ခြေလှမ်းမှစကာ နိုင်ငံနှင့် ပြည်သူထိခိုက်နာကျင်စေမည့် နည်းလမ်းကိုရှောင်ရှားပြီး ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်အကောင်အထည်ဖော်ကြရန်ဟူ၍ ဆင်ခြင်စဉ်းစားသူတို့ နည်းပါးနေသည်။

မဆုံးနိုင်သည့် တိုက်ခိုက်မှုများနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး နှမ်းစေ့တစ်စေ့စာမျှပင် ဖြစ်ထွန်းလာမည် မဟုတ်ပါ။ ထိုတိုက်ခိုက်မှုများက နိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးကြိုးပမ်းခဲ့ကြသည့် ခေါင်းဆောင်ကြီးများကို အလေးဂရုမပြုရာ လည်းရောက်သည်။ ထိုခေါင်းဆောင်ကြီးများတွင် တိုင်းရင်းသားခေါင်းဆောင်များလည်း ပါဝင်လျက်ရှိပြီး ထိုခေါင်းဆောင်ကြီးများက စည်းလုံးညီညွတ်ပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတော်ကြီး ထူထောင်ရန်မျှော်မှန်းခဲ့ကြခြင်းဖြစ်သည်ကိုလည်း မိမိတို့အလေးအနက် ပြုကြရန်လိုသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်လုပ်ကိုင် သွားကြခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို ထူထောင်ကြရပါမည့်အကြောင်း။ ။