ဂုဏ်ယူစရာစေတနာ ကောင်းကျိုးဝေဖြာ

ဂုဏ်ယူစရာစေတနာ ကောင်းကျိုးဝေဖြာ


Ministry of Information/ နေပြည်တော် / January 24, 2021
image_latest


စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်း စေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်း သောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့ မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွား လာ၏။

ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောဂါ မဖြစ်ပွားခင်ကတည်းက တိုင်းရင်းသားပြည်သူများ ကပ်ရောဂါဘေးမှလျော့ပါးသက်သာကင်းဝေးစေရန် နိုင်ငံတော်အစိုးရနှင့် အတူ ပြည်သူအားလုံး ရောဂါကာကွယ်ရေးကို နိုးနိုးကြားကြား စေတနာထား၍ ဆောင်ရွက်ခဲ့ ကြသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ၂၃ရက်နေ့ ရောဂါစတင်ဖြစ်ပွားသောအချိန်မှ စ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အားလုံး တက်တက်ကြွကြွပါဝင်လှုပ်ရှား စေတနာ ရှေ့ထား ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို ကျော်ဖြတ်ကာ အခြေအနေကောင်းတစ်ခုသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။ ယနေ့ အချိန်အခါ၌ ရောဂါကူးစက်ဖြစ်ပွားနှုန်းမှာ အကျဘက်သို့ ရောက်ရှိ လာခဲ့သည်။ မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသည့်နိုင်ငံ မဟုတ်သော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို စုပေါင်းစေတနာအင်အားများဖြင့်ဆောင်ရွက်ရင်း ကာကွယ်ဆေးရရှိရေးကိုလည်း တစ်ဖက်ကဆောင်ရွက် ခဲ့သည်။ နိုင်ငံတော် အစိုးရ၏ မတည်ရန်ပုံငွေ၊ အလှူရှင်များ၏စေတနာတရား ထက်သန်မှုကြောင့် ကာကွယ်ဆေး ရရှိရေးမှာ စိတ်အေးရသည့်အခြေအနေ ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ကာကွယ် ဆေးများ စတင်ရောက်ရှိ လာသည်။ မူလဝယ်ယူထားသော ကာကွယ်ဆေး အပြင် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်၍ အိန္ဒိယအစိုးရက မြန်မာအစိုးရသို့ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ပထမအသုတ် အဖြစ်လှူဒါန်းခဲ့ပြီး ထပ်မံ၍လည်း လှူဒါန်းဦးမည်ဟု သိရ သည်။ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး များရရှိခဲ့ပြီး လာမည့်ရက်များတွင် ကျန်းမာရေးရှေ့တန်းမျက်နှာစာမှ ဝန်ထမ်းများ၊ ပြည်သူများအား စတင် ထိုးနှံပေးတော့မည်ဖြစ်၍ အတိုင်းမသိ ဝမ်းမြောက်မိသည်။ ။

ကမ္ဘာပေါ်ရှိ နိုင်ငံကြီးအချို့က ကာကွယ်ဆေးများ တရားဝင်ထုတ်လုပ် ဖြန့်ချိပြီးနောက် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်မှစ၍ ကာကွယ်ဆေးစတင်စမ်းသပ် ထိုးနှံခြင်းကို ပြုလုပ်ခဲ့ကြရာ ဦးစွာကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝသည့် နိုင်ငံ ၄၀ ခန့် စတင်ထိုးနှံခဲ့ကြသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံ ၅၀ ကျော်တွင် ကာကွယ်ဆေးအမျိုးမျိုး စတင်ထိုးနိုင်ကြပြီဖြစ်သည်။ အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ် များကို ဦးစွာစတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပြီဖြစ်၍ မကြာမီရက်ပိုင်းတွင် စတင်ထိုးနှံတော့ မည်ဖြစ်ရာ အာဆီယံနိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံမှုလုပ်ငန်းစဉ် တတိယမြောက် စတင်နိုင်မည့်နိုင်ငံအဖြစ် ဂုဏ်ယူရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများတွင် မဖွံ့ဖြိုးသေးသည့်နိုင်ငံအဖြစ် ရပ်တည်ဆဲဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရားဝင်ပေါ်ထွက်လာသည် နှင့် ချမ်းသာကြွယ်ဝသော နိုင်ငံအများစုနှင့် အလယ်အလတ် အဆင့်နိုင်ငံ အနည်းစုတို့ ကာကွယ်ဆေးစတင်ထိုးနှံနိုင်သည့်အခြေအနေတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံကြီးများနှင့်တန်းတူကာကွယ်ဆေး ဦးစားပေးထိုးနိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများ၏ ကောင်းမွန်သောစေတနာ ရောင်ပြန်ဟပ်မှုဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသည့် ဖွံ့ဖြိုးစနိုင်ငံဖြစ်သည်။ အစစ အရာရာ နောက်တန်းတွင် နေနေရချိန်၌ ကောင်းသောစေတနာတုံ့ပြန်မှုကြောင့် ကောင်းသောဂုဏ်ယူစရာဖြစ်လာသည်။ ဖွံ့ဖြိုးသောနိုင်ငံများနှင့် တန်းတူယှဉ်တွဲ၍နောက်တွင်မကျန်ခဲ့ဘဲကူးစက်မြန်ရောဂါကာကွယ်ဆေးကို ဆောလျင်စွာထိုးနှံနိုင်တော့မည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ကောင်းသော ဂုဏ်ယူဖွယ်ရာများ ရှေ့အဖို့တွင် တိုးပွားများပြားရေးအတွက် ကောင်းသောစေတနာအလုပ်များ ကြိုးပမ်းအားထုတ်ကြရန် နှိုးဆော်ရပါ ကြောင်း။ ။

HOT NEWS
January 4,