စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဒက္ခိဏသီရိမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ်
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဒက္ခိဏသီရိမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ်
Ministry of Industry/ Ministry of Industry / October 21, 2022

နေပြည်တော်၊ အောက်တိုဘာ (၁၄)
စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရေး၊ ဒေသတွင်းမှထွက်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များ၏ အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ ကမ္ဘာကျော် ဓာတ်မြေဩဇာစက်ရုံ၌ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆန်းသစ်တီထွင်သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် အားပေးမြှင့်တင်ရေး၊ အစိုးရ - ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ဆောင်ရွက်ပေး ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီလယ်ယာစနစ်ဖြင့် နိုင်ငံ့စီးပွားရေး ဖော်ဆောင်ရေးနှင့် အခြားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးနိုင် သည့် အထောက်အကူပြု စက်မှုလုပ်ငန်းများအဖြစ် ပါဝင်ဆောင်ရွက်ပြီး တန်ဖိုးကွင်းဆက်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်၌ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟု ချမှတ်ထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေးဆိုသည့် စီးပွားရေးနှင့်ပတ်သက်သော ဦးတည်ချက်များလည်း ချမှတ်ထားကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ ထူထောင်ပြီး မိမိတို့ဒေသထွက်ကုန် ကုန်ကြမ်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေးရန်၊ ပြည်တွင်းရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား နယ်စပ်မှ တင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်သွားရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များကို အားပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဒေသနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်ပေးရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများရရှိအောင် ဆောင်ရွက်ပေးရန်၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးရန်၊ ကျေးလက်နှင့် မြို့ပြ ဆင်းရဲချမ်းသာ ကွာဟချက်ကို လျှော့ချပေးနိုင်ရန်၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် စက်မှုဇုန်များ စုပြုံဆောင်ရွက်ခြင်းထက် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း ဖွံ့ဖြိုးရေးဇုန်၊ စက်မှုဇုန်၊ မွေးမြူရေးဇုန်များ ဖြစ်မြောက်အောင် ပီပီပြင်ပြင် ကြိုးစားလုပ်ဆောင်သွားရန်၊ စီးပွားရေးလုပ်ဆောင်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုအပ်သော်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း များကို အားပေးဆောင်ရွက်ရန်၊ မိမိတို့ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ လူသားအရင်းအမြစ် စသည့် အချက် (၄) ချက်ကို ပြည့်စုံအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်မှ လမ်းညွှန်မှုပြုထားကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ မြေဩဇာလိုအပ်ချက်သည် ကြီးမားသည့်အတွက် ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်နိုင်သောကြောင့် ပြည်ပမှ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် သဘာဝမြေဩဇာကို သစ်ဆွေးမြေဩဇာ၊ EM ဘိုကာချီ စသည်တို့ကို ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲရန် လိုအပ်သလို ပြည်တွင်းထုတ်လုပ်မှုကိုလည်း အမြင့်ဆုံးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက် ပြည်တွင်းဓာတ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် Mass Production ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အခြားလိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သလို အုပ်ချုပ်မှုမြို့တော်လည်းဖြစ်ကြောင်း၊ ထို့အပြင် အစိမ်းရောင်မြို့ပြများ စီမံကိန်းတွင်ပါဝင်ပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်လျက်ရှိသည့် မြို့တော်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသည့် စွန့်ပစ်ပစ္စည်း စွန့်ထုတ်မှုများသော လုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆူညံမှု မြင့်မားစေသော စက်မှုလုပ်ငန်းများထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ စိုက်ပျိုးရေးကို အခြေခံသည့် သွင်းကုန်အစားထိုးနှင့် ပို့ကုန်မြှင့်တင်ပေးနိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ဟင်းသီးဟင်းရွက် အေးခဲထုပ်ပိုးလုပ်ငန်းများ၊ မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ အီလက်ထရောနစ် အစိတ်အပိုင်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နည်းပညာသင်တန်းများ၊ Training Center များ၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများ စသည့်လုပ်ငန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် မှုနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထုတ်ကုန်အမယ်သစ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အတွက်လည်း တီထွင်ကြံဆပြီး ဈေးကွက်ချဲ့ထွင်သွားရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အလားအလာကောင်းများရှိသည့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်မြှင့်တင်ပေးခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အတိုးနှုန်း သက်သာသည့် ချေးငွေများပံ့ပိုးပေးခြင်း၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေး အချိုးညီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ပိုမိုရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ အတူလက်တွဲ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ စက်မှုဇုန်လုပ်ငန်းရှင်များ လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ အား တတ်အားသရွေ့ ကူညီပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ဒက္ခိဏသီရီ စက်မှုဇုန် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီများ၊ ဆပ်ကော်မတီများမှလည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှသာ စက်မှုဇုန် အောင်မြင်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ စက်မှုဇုန်အတွင်း လိုအပ်မှု၊ လိုလားမှုများကို သိရှိပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း၌ လက်ရှိလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းများအား ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သလို လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများကိုလည်း အစပျိုးလုပ်ကိုင် နိုင်အောင် လိုအပ်ချက်များကို ဖော်ထုတ်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ စက်မှုဇုန်အတွင်း၌ ကျန်ရှိသည့် မြေကွက်များကိုလည်း အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား စိစစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန် များ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာ မည်ဖြစ်ကြောင်း၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်မှုအပေါ် များစွာမူတည်ကြောင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများနှင့် ဇုန်ပြင်ပရှိ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စျေးကွက်ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်းအရည် အသွေးများကို ယှဉ်ပြိုင်ထုတ်လုပ်ရာတွင် အရည်အသွေးမီ ကုန်ပစ္စည်းများအား ပြည်တွင်း၌ပင် စျေးနှုန်းချိုသာစွာဖြင့် သုံးစွဲလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခြင်းကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု များဖြစ်စေရန် အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်ဆိုသည့် ထောက်တိုင် (၃) ရပ်ဖြင့် ဟန်ချက်ညီညီ ပေါင်းစပ်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
အစီအစဉ်အရ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးမှူးက စက်မှုဇုန်ဆိုင်ရာ အချက်အလက်များနှင့် စီမံဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ ကမ္ဘာကျော် ဓာတ်မြေဩဇာစက်ရုံမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းလည်ပတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေနှင့် တောင်သူများအား ဝန်ဆောင်မှုပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ ကြုံတွေ့နေရ သည့်အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကမ္ဘာကျော် ဓာတ်မြေဩဇာစက်ရုံ၊ May LP Agriculture Co., Ltd. ၏ စပ်မျိုးစပါးထုတ်လုပ်ခြင်း၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)