တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း(၅)နှစ်မြောက်နှစ်ပတ် လည်အခါသမယတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း(၅)နှစ်မြောက်နှစ်ပတ် လည်အခါသမယတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း
Ministry of Information/ Naypyitaw / November 10, 2020
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသည့် မိန့်ခွန်း
(၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်)
နိဒါန်း
ဒီကနေ့ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် အချိန်အခါပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လည်အချိန်အခါတွေမှာ အခမ်းအနားတွေကို ဒီခန်းမကြီးထဲမှာပဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ အခမ်းအနား ကျင်းပနိုင်ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ဒီဗီဒီယိုထုတ်လွှင့်မှုကတဆင့်ပဲ အားလုံးကို နှုတ်ခွန်းဆက်လိုက်ရ ပါတယ်။
ထပ်လောင်း ကတိကဝတ် ပြုခြင်း
နှစ်ပတ်လည်အခမ်းအနားတွေ၊ အထိမ်းအမှတ်ပွဲတွေ ကျင်းပ ပြုလုပ်ခဲ့ရခြင်းဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြတဲ့ အစုအဖွဲ့အသီးသီးအနေနဲ့ ဒီစာချုပ်မှာဖော်ပြပါရှိတဲ့ အခြေခံမူတွေ၊ သဘော တူညီချက်တွေ၊ သန္နိဋ္ဌာန်တွေကို ထပ်လောင်း အတည်ပြုကြခြင်းပဲ ဖြစ်ပါတယ်။ NCA ဆိုတာ နှစ်ဖက် ပူးတွဲပိုင်ဆိုင်တဲ့ စာချုပ် ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ NCA ညှိနှိုင်းဆွေးနွေးစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာ မဟုတ်ပေမယ့် နိုင်ငံတော်ရဲ့တာဝန်ကို လွှဲပြောင်းရယူပြီးတာနဲ့ ပထမဆုံး ဦးစားပေး ဆောင်ရွက်ခဲ့တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး သဘောထားတွေ၊ အကြံပြုချက်တွေ နားထောင်ခဲ့ပါတယ်။ မတူကွဲပြားတဲ့ သဘောထားတွေ၊ ရှုမြင်ချက်တွေကြားမှာ တူညီတဲ့ လမ်းကြောင်းတစ်ခုကို ကျွန်မတို့ သတိပြုခဲ့မိပါတယ်။ အဲ့ဒီ လမ်းကြောင်းကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ထူးခြားချက် (၃) ချက် ရှိပါတယ်။ ပထမအချက် က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဖက်က စတင်အဆိုပြုခဲ့ပြီးတဲ့နောက်မှာ ဒီစာချုပ် ပေါ်ထွန်းရေး လမ်းစဖြစ်လာရတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒုတိယအချက် ကတော့ အရင်ခေတ်၊ အရင်ကာလတွေမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတာ (၂)ဖွဲ့တည်း အပြန်အလှန်ဆွေးနွေး သဘောတူ ဆောင်ရွက်ခဲ့တာမျိုး ဖြစ်ပြီး စာချုပ်စာတမ်းရယ်လို့ ခိုင်ခိုင်မာမာ ချုပ်ဆိုတာမျိုး နည်းပါးခဲ့ပါတယ်။ NCA စာချုပ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြား စုပေါင်းပါဝင် လက်မှတ်ထိုးခဲ့ကြတာပါ။ နောက်ထပ်လည်း အဖွဲ့တွေ ဆက်လက် ပါဝင်နိုင်အောင် လမ်းဖွင့် ပေးထားပါတယ်။
တတိယအချက် ကတော့ အပစ်အခတ်ရပ်စဲရေး၊ သေနတ်သံတိတ်ရေး သက်သက် မဟုတ်ဘဲ တိုင်းရင်းသားတွေအားလုံး မျှော်မှန်းခဲ့ကြတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းရေး၊ အနာဂတ်အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေး ဆိုတဲ့ မျှော်မှန်းချက်တွေပါ ပါဝင်နေပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မအနေနဲ့ NCA ထီးရိပ်ဆိုပြီး တင်စားပြောဆိုခဲ့တာ ဖြစ်ပါတယ်။
NCA ဖော်ဆောင်မှုဆိုင်ရာ အခက်အခဲများ
ကျွန်မတို့အနေနဲ့ NCA ကို စတင်ညှိနှိုင်းခဲ့ချိန်၊ စတင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို ခဲ့ချိန်တွေမှာ ပါဝင်ခဲ့ခြင်း မရှိပေမယ့်လည်း သဘောတူညီချက်တွေကို လက်တွေ့ အကောင် အထည်ဖော်ရာမှာ အပြည့်အဝ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ NCA ရဲ့ အဓိကအပိုင်းကြီးတွေ ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအပိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးအပိုင်း တို့ကို ကျွန်မတို့အစိုးရအနေနဲ့ တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်က အလုံးစုံတာဝန်ယူထားတာ ဖြစ်ပေမယ့်လည်း NCA စာချုပ်အရ အကောင်အထည်ဖော်မှုတွေမှာ ကျွန်မတို့အစိုးရပိုင်းအနေနဲ့ ဆက်စပ်မှုတွေ ရှိလာခဲ့ပါတယ်။
NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးအပိုင်းနဲ့ အပစ်ရပ်ခိုင်မာရေးအပိုင်းတွေကို ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျွန်မတို့အားလုံး ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေကို လေ့လာ ကြည့်ရင် NCA စာချုပ် ညှိနှိုင်းဆွေးနွေးခဲ့ချိန်တုန်းက ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေ၊ နှစ်ဖက် ဘုံနားလည်မှု မရရှိခဲ့တာတွေ၊ ကိုယ်လိုလားတဲ့ အစိတ်အပိုင်းအချို့ကိုပဲ ကွက်ပြီး ဖော်ဆောင်တာတွေ၊ ကိုယ်မလိုလားတဲ့ အစိတ်အပိုင်းတွေကျတော့ သိသိနဲ့ လျစ်လျူရှုထားခဲ့ တာတွေ၊ နှစ်ဦးနှစ်ဖက်ကြားမှာ အဓိပ္ပါယ်ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း မရှိခဲ့တာတွေ အစရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ (၅)နှစ်ကျော်ကာလက NCA စာချုပ် ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ချိန်မှာ စိတ်ကူးနဲ့ပဲ မျှော်မှန်းပုံဖော်ခဲ့ကြရတာဖြစ်တဲ့အတွက် အကောင် အထည်ဖော်တဲ့ အချိန်ရောက်တော့ ပြဿနာတွေ ကြုံတွေ့လာရတာကလည်း သဘာဝ ကျပါတယ်။
ပထမဆုံးအခက်အခဲ ကတော့ စာချုပ်ပါ သဘောတူညီချက်တွေ၊ စာချုပ်ပါ ဝေါဟာရတွေ အပေါ်မှာ ဘုံနားလည်မှု မရှိခဲ့တာပါပဲ။ နားလည်မှုတွေ ကွဲပြားတဲ့အခါ အကောင်အထည် ဖော်မှုတွေ ကွဲလွဲကုန်ကြတာပါပဲ။ သာဓကအားဖြင့် “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ဆိုတာ NCA မှာ ပါရုံလေးပဲ ထည့်သွင်းထားခဲ့တာပါ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ အကျယ်ချဲ့ ရေးသားထားတယ်ဆိုပေမယ့် NCA မှာကိုပဲ နားလည်မှု ကွဲပြားနေတဲ့အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျွန်မတို့ လက်တွေ့လုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် NCA အပေါ်မှာ နားလည်မှု တူညီမှ အကောင်အထည်ဖော်မှုတွေ ချောမွေ့နိုင်မယ်ဆိုတာကို ကျွန်မတို့ သုံးသပ်နိုင်ခဲ့ပါတယ်။
ဒုတိယအခက်အခဲ ကတော့ NCA အရ ပေါ်ပေါက်လာတဲ့ ယန္တရားတွေနဲ့ ဒီယန္တရား တွေရဲ့ လည်ပတ်မှုတွေ ဖြစ်ပါတယ်။ NCA အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို တာဝန်ယူရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လည်း ရှိပါတယ်။ အပစ်ရပ်စောင့်ကြည့်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) လည်း ရှိပါတယ်။ နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောတူစာချုပ်တွေ ရေးထိုးခဲ့တဲ့ အဖွဲ့တွေဟာ NCA အရ ပေါ်ပေါက်လာတဲ့ ယန္တရားတွေ ထဲမှာ လုပ်ငန်းလမ်းညွှန်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးထားပြီး ငြင်းခုန်မှုတွေ ဖြစ်လာကြပါတယ်။ နှစ်ဖက်တပ်တွေ တွေ့ဆုံပြီး ခေါင်းချင်းဆိုင် ဆွေးနွေးညှိနှိုင်းလိုက်ရင် ပြေလည်သွားနိုင်ပေမယ့်လည်း လုပ်ငန်းလမ်းညွှန်တွေကို အလေးထား ကိုးကားပြီး အောက်ခြေပိုင်းမှာ ယုံကြည်မှုတွေ လျော့ပါးခဲ့ရပါတယ်။ နိုင်ငံရေးအရ အရေးကြီးတဲ့ စေ့စပ် ညှိနှိုင်းမှုတွေထက် နည်းပညာရပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကို ဦးစားပေးခဲ့ကြတဲ့အခါ နှစ်ဖက်ယုံကြည်မှုနဲ့ ပြေလည်သွားနိုင်တဲ့ ကိစ္စရပ်မျိုးတွေဟာ အစည်းအဝေး ဝိုင်းကြီးတွေ ထဲမှာ ငြင်းခုန်ကြရင်း ပိုမိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ယန္တရားလည်ပတ်မှု ဆိုရာမှာလည်း နိုင်ငံရေးအပိုင်းက သတ်သတ်၊ တပ်ပိုင်းဆိုင်ရာက သတ်သတ်လို့ တချို့က ယူဆနေကြပါတယ်။ တကယ်တမ်းမှာတော့ နိုင်ငံရေးအပိုင်းနဲ့ တပ်ပိုင်းဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လမ်းပိတ်လို့ အပြစ်ဖို့နေချိန်မှာ ယုံကြည်မှုတွေ ကျဆင်းပြီး တပ်ပိုင်းဆိုင်ရာညှိနှိုင်းမှုတွေကို ထိခိုက်စေပါတယ်။ အပြန်အလှန် အားဖြင့် တပ်ပိုင်းဆိုင်ရာ မပြေလည်မှုတွေကြောင့် ယုံကြည်မှုကျဆင်းပြီး နိုင်ငံရေးဆွေးနွေးပွဲ တွေကို တစ်ဆို့သွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ကာလရှည်ကြာစွာ ရပ်နားထားခဲ့ရတဲ့ JMC အစည်းအဝေးတွေ ပြန်လည်စတင်နိုင်ဖို့ နိုင်ငံရေးအပိုင်းနဲ့ ဒွန်တွဲပြီး ကြိုးပမ်းမှ ဖြစ်မြောက်ခဲ့ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ ယန္တရားအားလုံး ခြုံငုံပြီး ဟန်ချက်ညီမျှစေဖို့ အထူးပဲအရေးကြီးတယ်ဆိုတာကို ကျွန်မတို့ သုံးသပ်နိုင်ခဲ့ပါတယ်။
တတိယအခက်အခဲ ကတော့ NCA ရဲ့ အဝန်းအဝိုင်း၊ အကန့်အသတ်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော်မယ်ဆိုတာပဲ ဖော်ပြပါရှိပြီး ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ တိတိကျကျ မပါပါဘူး။ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို အကောင်အထည်ဖော်မယ်ဆိုတာပဲ ပါပါတယ်။ ဘယ်လို ဖော်ကြမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားခဲ့ပါဘူး။ ဒီ ထိလွယ် ရှလွယ်၊ အကဲဆတ်တဲ့ကိစ္စကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လက်တွေ့ အကောင်အထည်ဖော်တဲ့ အချိန်မှာ မပြောမဖြစ် ပြောကြရတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် ကြိုတင်သတ်မှတ်ချက်၊ ပုံသေရပ်တည်ချက်တွေကို ကိုင်စွဲလာကြတဲ့အတွက် ရှေ့မတိုး၊ နောက်မဆုတ် အနေအထားနဲ့ လုံခြုံရေးအပိုင်းမှာ အများကြီး နှောင့်နှေးခဲ့ပါတယ်။ ဒါ့အပြင် သဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ ဘယ်ပုံဘယ်နည်း ဖော်ဆောင်ကြမယ်ဆိုတဲ့ စည်းကမ်းချက်တွေ မရှိခဲ့တဲ့အတွက် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေရင်းနဲ့ စိုးရိမ်မှုတွေလည်း ပေါ် ထွက်လာခဲ့ပါတယ်။ ဒီလို စိုးရိမ်မှုတွေကြောင့်လည်း နိုင်ငံရေးဆွေးနွေးပွဲတွေကို နှောင့်နှေး စေနိုင်တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)
ဒီလို ကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း အချိန်ယူဆွေးနွေးပြီး ကျော်လွှားပြေလည်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေခဲ့ရပါတယ်။ ရရှိခဲ့တဲ့ နည်းလမ်းတွေကို သဘောတူညီချက်တွေအဖြစ် ပြောင်းလဲပြီး နောင်လာမယ့်ကာလတွေမှာ ဒီလို အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁) ဖြစ်တဲ့ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်များ” ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၀ အလွန် နှစ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်ပုံဘယ်နည်း ရှေ့ဆက်ကြမလဲဆိုတဲ့ မေးခွန်းဟာ ကျွန်မတို့အစုအဖွဲ့တွေကြားမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ NCA မှာလည်း ဘယ်ပုံစံ၊ ဘယ်နည်းလမ်းဆိုတာ မပါပါဘူး။ ပြီးခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်းနှစ်ခုက သဘောတူညီချက်တွေဟာလည်း ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်မှုတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ အချိန်ကာလနှစ်အပိုင်းအခြား သတ်မှတ်ချက်နဲ့သွားကြရင် ကောင်းမလား၊ ဦးစားပေးအစီအစဉ်တွေနဲ့ အဆင့်လိုက်၊ အပိုင်းလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် ဖော်ဆောင် သွားတဲ့နည်းလမ်းနဲ့သွားမလား၊ စတဲ့ လက်တွေ့အကောင်အထည်ဖော်မှုတွေကို အလွတ်သဘော ဆွေးနွေးမှု အကြိမ်ပေါင်းများစွာနဲ့ ကျွန်မတို့ ညှိနှိုင်းခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ အဆင့်လိုက် လုပ်ငန်းစဉ်တွေ သတ်မှတ်မယ်၊ အဆင့်လိုက်ပဲ အကောင်အထည်ဖော်မယ် ဆိုတာကို အားလုံးက သဘောတူလက်ခံခဲ့ပြီး ဘယ်လို ဦးစားပေးအစီအစဉ်နဲ့ သွားကြမလဲ ဆိုတာကို ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။ အဲ့ဒါကတော့ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း (၃)ရဲ့ အပိုင်း(၂) ဖြစ်တဲ့ “၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် များနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုများ” ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း စာချုပ်မှာ ထည့်သွင်းပြီး ကျွန်မတို့ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် NCA မှာ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်”ဆိုတာပဲ ဖော်ပြထားပါတယ်။ ကျွန်မတို့လိုချင်တာ ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ ကျွန်မတို့ တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ဆိုတာဟာ ဘယ်လိုဖက်ဒရယ်မျိုးလဲ ဆိုတာကို ကျွန်မတို့အကြားမှာ သဘောထား ကွဲလွဲခဲ့ရပါတယ်။ အခြေခံမူ သဘောတူညီချက်တွေ ဆွေးနွေးငြင်းခုန်နေရင်းနဲ့ အချိန်ကြာလာတဲ့အခါမှာ ကျွန်မတို့အားလုံး သဘောတူလက်ခံတဲ့ အနာဂတ် ပြည်ထောင်စုပုံသဏ္ဍာန်ကို ဘုံမျှော်မှန်းချက် (Common Vision) အနေနဲ့ ရယူနိုင်ဖို့ အရေးကြီးတာကို ကျွန်မတို့ သတိပြုမိခဲ့ပါတယ်။ ဒါကိုလည်း အချိန်ယူဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒါကတော့ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း (၃)ရဲ့ အပိုင်း(၃) ဖြစ်တဲ့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ” ပဲ ဖြစ်ပါတယ်။
အားလုံးကို ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် NCA ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့၊ ဒီလိုစတင်ရာမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဖို့ ခြေလှမ်းစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ NCA ဆွေးနွေးစဉ်က စိတ်ကူးနဲ့ ပုံဖော်စဉ်းစားခဲ့ကြရတာဖြစ်လို့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်း ပြည့်စုံအောင် ထည့်သွင်းခဲ့ ပေမယ့် လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့၊ ဘယ်လို ဒီမိုကရေစီမျိုး၊ ဘယ်လိုဖက်ဒရယ်မျိုး ဆိုတဲ့ ကိုယ်စီကိုယ်စီ ရှိနေခဲ့တဲ့ ဖက်ဒရယ် အိပ်မက်တွေကို “ပြည်ထောင်စုအိပ်မက်” အဖြစ် တညီတညွတ်တည်း ဘုံမျှော်မှန်းချက် အဖြစ် ချမှတ်နိုင်ဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ လက်တွေ့ကျကျ အဆင့်လိုက်တည်ဆောက်နိုင်ဖို့ နောက်တစ်ဆင့် တက်လှမ်းလိုက်တာကတော့ ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ပဲ ဖြစ်ပါတယ်။ NCA နဲ့ စတင်ခဲ့တဲ့ ခြေလှမ်းတွေ နောက်တစ်ဆင့်သို့ ခိုင်ခိုင်မာမာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုနဲ့ ကျွန်မတို့တိုင်းရင်းသားပြည်သူ အားလုံးအတွက် အထူးပဲအရေးကြီးလှတဲ့ အောင်မြင်မှုတစ်ရပ်ဆိုရင် မှားမယ်မထင်ပါဘူး။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၃) ဟာ တကယ်တော့ ကျွန်မတို့ တိုင်းရင်းသားပြည်သူတွေအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ (၂၁) ရာစု ပင်လုံညီလာခံကနေ အခြေခံအုတ်မြစ်တစ်ခု ခိုင်ခိုင်မာမာ စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုမှတ်တိုင်အတွက် အစုအဖွဲ့အသီးသီးက တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ကြသူ အားလုံး၊ အဖက်ဖက်က ဝိုင်းဝန်းကူညီအကျိုးဆောင်ခဲ့၊ ကူညီပံ့ပိုးပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုတန်ဖိုးထားပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
သမိုင်းကြောင်းတစ်လျှောက် ပထမဆုံး သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲ
ဒီနေရာမှာ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် (၂၀)ရာစု ပင်လုံညီလာခံနဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ် ညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အခင်းအကျင်းကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါဟာလည်း လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခနဲ့ တည့်တည့်တိုးခဲ့မိခြင်း ရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ လက်နက်ကို အားကိုးအားထားပြုပြီး “အင်အားသာ အဓိက” ဆိုတဲ့ ခံယူချက်တွေကြောင့် ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ “အရှည်ကြာဆုံး ပြည်တွင်းစစ်” ဆိုတဲ့ နာမည်ဆိုးနဲ့ ခေါ်တွင်ခြင်း ခံခဲ့ရပါတယ်။ ဒီအစဉ်အလာတွေကို ချေဖျက် ပစ်ဖို့က ဒီကနေ့ ကျွန်မတို့ကိုယ်တိုင်က ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းပြီး အပေး-အယူ၊ အလျှော့-အတင်းနဲ့ လက်တွေ့ လုပ်ကိုင်ပြနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်။
ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့နောက် ငြိမ်းချမ်းရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ချက်တွေကို ပြန်လေ့လာကြည့်ရင် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာ ရန်ကုန်ကိုခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရရှိခဲ့ ပါဘူး။ ဒီနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာလည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ လက်နက်ကိုင်အဖွဲ့ (၁) ဖွဲ့နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တာဝန်ယူခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၄၀)နဲ့ အပစ်ရပ်သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပေမယ့်လည်း နိုင်ငံရေးဆွေးနွေးမှုတွေ ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ “နိုင်ငံရေးအစိုးရ မဟုတ်တဲ့အတွက် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး ညှိနှိုင်းခြင်းပြုရန် အကြောင်းမရှိ” ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၅) ဖွဲ့နဲ့ အပစ်ရပ်သဘောတူညီချက်တွေ လက်မှတ်ရေးထိုး နိုင်ခဲ့သလို NCA ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁)ကြိမ် ကျင်းပနိုင်ခဲ့ပြီး စာတမ်းတွေ ဖတ်ကြားတဲ့ အခင်းအကျင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျွန်မတို့တာဝန်ယူတဲ့ ပြီးခဲ့တဲ့ (၄)နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပါတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အခြေခံပြီး ပိုမိုကောင်းမွန်ချောမွေ့အောင် ပြင်ဆင်ခဲ့ရာမှာ (၁၂)ကြိမ်အထိ ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။ ညီလာခံတစ်ကြိမ်နဲ့တစ်ကြိမ် ပိုမိုထိရောက် ကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကျွန်မတို့အားလုံး ညှိနှိုင်းဆွေးနွေးပြီး ကြိုးပမ်းခဲ့တဲ့အတွက် ကျွန်မတို့ကြားမှာ ရင်းနှီးမှုနဲ့နားလည်မှုတွေ ပိုပိုပြီး တိုးမြင့်လာခဲ့ပါတယ်။ တရားဝင်အစည်းအဝေးတွေနဲ့အတူ အရေးကြီးလှတဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုတွေ ကိုလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီး ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက် ပထမဦးဆုံးလို့ဆိုနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် အားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်တဲ့အတွက် သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲလို့ ခေါ်တွင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မတို့ဟာ တိုင်းရင်းသားတွေရဲ့အသံကို နားမထောင်ဘူး၊ တိုင်းရင်းသား တွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုတယ်ဆိုတဲ့ ဝေဖန်မှုအချို့နဲ့ ပတ်သက်ပြီးလည်း ရှင်းလင်း ပြောကြားလိုပါတယ်။ NCA က စလို့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေ အထိ ကျွန်မတို့ဟာ တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ လိုအင်ဆန္ဒတွေကို အခြေခံပြီး ဆွေးနွေး ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရလက်ထက်မှာ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၂)ဖွဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးလာခဲ့ကြသလို ကျန်ရှိ နေသေးတဲ့အဖွဲ့တွေအတွက်လည်း အားလုံးပါဝင်ရေးမူနဲ့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ လမ်းညွှန်အခြေခံ မူတွေကို ညှိနှိုင်းဆွေးနွေးကြရာမှာလည်း မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေပါ လက်ခံနိုင်အောင် ကျွန်မတို့စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၁)ရာစုပင်လုံညီလာခံဟာ လွတ်လပ်ရေးရရှိပြီးတဲ့နောက် သမိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အချိန်ကိုက် ပေါ်ပေါက် လာခဲ့တဲ့၊ သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံး နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းဖြစ်တဲ့ အတွက် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။ ပါဝင်သင့်သူအားလုံး၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးအတွက်လည်း ကျွန်မတို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။
ငြိမ်းချမ်းရေး သန္နိဋ္ဌာန်
ကျွန်မတို့နိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော် အချိန်ကာလနဲ့ နှိုင်းစာရင် ပြည်ထောင်စုရဲ့အနာဂတ်ကို ပုံဖော်နိုင်မယ့် လမ်းကြောင်းမှန်တစ်ခုပေါ်ကို ခိုင်ခိုင်မာမာ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ထပ်လောင်းပြောချင်တာက အမှန်တကယ်သာ အားလုံးက ဆန္ဒပြင်းထန်မယ်၊ ကြိုးပမ်းမှုတွေ ထိရောက်မယ်ဆိုရင် ရုပ်လုံးအထင်အရှား ပေါ်လာမယ့် ပြည်ထောင်စုဆိုတဲ့ ပုံပန်းသဏ္ဍာန်သက်သက်သာ မကဘူး၊ ကျွန်မတို့တိုင်းရင်းသားမိသားစုဝင်တွေ အချင်းချင်းအကြား အတွင်းစိတ်မနောက အဇ္ဈတ္တ ငြိမ်းချမ်း ချစ်ကြည်မှုကိုပါ ခိုင်မာစေမယ့် နိုင်ငံရေးယဉ်ကျေးမှုနဲ့အတူ အနှစ်သာရပြည့်ဝတဲ့ “ပြည်ထောင်စုစစ်စစ်” ကိုပါ အတူတကွ ထုဆစ်နိုင်ကြမှာ ဖြစ်ပါတယ်။
အခုလို NCA စာချုပ် လက်မှတ်ရေးထိုးမှု ၅ နှစ် ပြည့်ကာလမှာ အချိန်ကာလနဲ့ ပတ်သတ်ပြီး စဉ်းစားဆင်ခြင်မိတာတစ်ခုရှိပါတယ်။ ဒါကတော့ အချိန်ကြာမြင့်အောင် လုပ်ဆောင်ခြင်း၊ အချိန်ဆွဲခြင်းဆိုတာပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်သလိုမျိုး လုပ်ရာရောက်နိုင်တယ်လို့တောင် မြင်မိပါတယ်။ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့ လုပ်ငန်း၊ တာဝန်ယူရမယ့် နေရာမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး၊ ကိုယ့်ရဲ့ နိုင်ငံရေး၊ ကိုယ့်ရဲ့ ပရိတ်သတ်အကြိုက် အကျိုးစီးပွားကွက်ကွက်ကလေးကို ဦးစားပေးပြီး အချိန်ဆွဲ ဖင့်နွဲ့နေမယ်ဆိုရင်၊ ဒီထက်ပိုပြီး ဆိုးတာက ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေမယ် ဆိုရင်တော့ ကိုယ်တာဝန်ခံရမယ့် လူတွေအတွက်၊ ကိုယ်တာဝန်ယူထားရတဲ့ ကဏ္ဍအတွက် တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသနဲ့ ကိုယ့်လူထုကစလို့ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် တာဝန်ရှိတဲ့နေရာ ရောက်နေရင်တော့ ပြည်ထောင်စု တစ်ခုလုံးရဲ့ အနာဂတ်နဲ့ချီပြီး တာဝန်မကျေပွန်သူ ဖြစ်လာနိုင်တယ်ဆိုတာကို အထူး သတိပြုစေလိုပါတယ်။
အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဆိုင်ရာ စိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်တွေ ရှိနေပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ယာယီရပ်တန့်ထားလို့ရတဲ့အရာမဟုတ်ဘူး။ ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေ ရှိနေမှုပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ၊ ရန်လိုမှုတွေ ပြသနေတာတွေကိုလည်း ရပ်တန်းက ရပ်ကြဖို့ အလေးအနက် ပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ (၂၁)ရာစု ပင်လုံညီလာခံမှာ ၂၀၂၀ ရွေးကောက်ပွဲတွေ အလွန်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ အပ်နှင်းခဲ့ကြတာဟာ အချိန်ကာလကို ခဏဆိုင်းလိုက်တယ်လို့လည်း မမြင်စေချင်ပါဘူး။ ကျွန်မတို့အားလုံး ပြုနိုင်တဲ့ သဘော တူညီချက်၊ သစ္စာတရားကို ညီလာခံကြီးမှာ အထင်အရှား ပြုခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့မရဘဲ တစိုက်မတ်မတ် အချိန်တိုင်း ကြိုးစားနေကြ ရမှာပါ။ ငြိမ်းချမ်းရေးမရှိလို့၊ ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ တတ်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်း ကြိုးပမ်းနေကြရမှာပါ။
ဒါကြောင့် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါနေတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ် မထိုးရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေဆဲ အဖွဲ့အစည်းတွေရော၊ အားလုံးအနေနဲ့ အပြန်အလှန် ဆက်သွယ်မှု၊ ထိတွေ့ပြောဆိုမှု၊ ညှိနှိုင်းအဖြေရှာမှုတွေကို အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်နေကြရမှာပါ။ အထူးအလေးအနက်ထားပြီး ပြောကြား လိုတာကတော့ “တိုက်ပွဲတွေ၊ စစ်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကိုသာ ရပ်စဲဖို့ လိုအပ်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကိုတော့ ရပ်စဲခံလို့မရဘူး” ဆိုတာပါပဲ။ နေ့စဉ် နေ့တိုင်းမှာရှေ့ကိုပဲ အားသွန်ခွန်စိုက်ချီတက်နေကြရမှာပါ။ ငြိမ်းချမ်းရေးမှာ “စောင့်ကြည့်တာပေါ့” ဆိုတဲ့ သဘောမျိုး မထားကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။
နိဂုံးချုပ်
နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သူ့ချည်းသက်သက် သီးသန့်ဖြစ်နေတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတာကိုလည်း ထပ်လောင်း သတိပြုကြစေချင်ပါတယ်။ အခုဆိုရင် COVID-19 ရဲ့ ကျန်းမာရေး၊ စီးပွားရေးစတဲ့ အကျိုးဆက်တွေကို ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အနာဂတ်အတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနည်းလမ်းတကျကျင်းပမယ့် ရွေးကောက်ပွဲတွေရဲ့ အခြေအနေ၊ ဒါ့အပြင် အားပြိုင်မှုတွေနဲ့ ပြောင်းလဲလာနေတဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပထဝီနိုင်ငံရေးအခြေအနေ စတဲ့ မြောက်များစွာသော ဆက်စပ်အခြေအနေတွေထဲမှာ ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးလှတဲ့ ငြိမ်းချမ်းရေးကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်အောင်၊ တစ်ဆင့်ပြီးတစ်ဆင့် ပိုမို တိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပါ။
ကိုယ့်နိုင်ငံမှာ အားနည်းချက်တွေရှိရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ အနေနဲ့ ဖိတ်ခေါ်နေသလိုဖြစ်နေမှာကို သတိချပ်ကြစေချင်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကျွန်မတို့နိုင်ငံရဲ့ အဓိကအားနည်းချက်ကို ပြောပါဆိုရင် တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသား ညီညွတ်ရေးနဲ့ ညီညွတ်ရေးကြောင့် တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့တာပါပဲ။ ဒီတော့ အကျိုးဆက်အနေနဲ့ ဖွံ့ဖြိုးမှုလည်း မရှိနိုင်တော့ဘူး။ ဖွံ့ဖြိုးမှု ရှိခဲ့ရင်တောင်မှ အားလုံးမျှဝေခံစားနိုင်မယ့် ဖွံ့ဖြိုးမှုဆိုတာမျိုးလည်း မဖြစ်နိုင်ပါဘူး။
အခုအချိန်မှာ ကျွန်မတို့အားလုံးဟာ ကျွန်မတို့ပြည်ထောင်စုရဲ့ ရောဂါကိုလည်း သိ၊ ကုထုံးကိုလည်း သိနေပါပြီ။ NCA စာချုပ်က အစပြုလိုက်ပြီးတဲ့နောက် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)လိုမျိုး ခိုင်မာတဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေနဲ့ အုတ်မြစ်လည်း ချနိုင်ခဲ့ပါပြီ။ ၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ခရီးမှာ လိုအပ်နေတာက ကျွန်မတို့အားလုံး ညီညွတ်ရေးပြိုကွဲနေခြင်းဆိုတဲ့ ရောဂါဆိုးကြီး ပျောက်ကင်းချင်စိတ်ရှိဖို့၊ အားလုံးသိထားပြီးဖြစ်တဲ့ ကုထုံးအတိုင်း အနာနဲ့ဆေးချက်တည့်အောင် အချိန်မဆွဲဘဲ ကုသမှုပေးပြီး အမြန်ဆုံး ရောဂါပျောက်ကင်းဖို့ပဲ ဖြစ်တယ်လို့ပဲ တိုက်တွန်းချင် ပါတယ်။
ငြိမ်းချမ်းရေးကင်းမဲ့ခြင်းကြောင့် ဒီနိုင်ငံမှာ လက်နက်အားကိုးဝါဒကို ပိုပြီး ကြီးထွား လာစေမယ်။ ယဉ်ကျေးတဲ့၊ ငြိမ်းချမ်းတဲ့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ဓလေ့ကိုလည်း ချည့်နဲ့စေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာတွေဟာလည်း တံလျှပ်လိုပဲ တကယ့်လက်တွေ့မှာ ဖမ်းဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ပြည်သူပြည်သားတွေ အလေးအနက် သုံးသပ်ဆင်ခြင်ကြစေ လိုပါတယ်။ ဒါတွေဟာ ကိုယ်နေထိုင်ရာ ကိုယ့်ဒေသ၊ ကိုယ့်အိမ်နားလေးမှာ ဖြစ်မှမဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့ ဘယ်နေရာမှာပဲ ဖြစ်နေ ဖြစ်နေ အားလုံးခံစားရတဲ့ ဆိုးမွေတွေပဲ ဆိုတာကို သိမြင်ကြစေလိုပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ မငြိမ်းချမ်းတဲ့ဒဏ်ကို ခါးကော့အောင် ခံခဲ့ရတာ ကြာလှပါပြီ။ ကျွန်မတို့ ပြည်သူတွေဖက်ကလည်း ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတဲ့အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကို အားပေးထောက်ခံရုံသာမက ပြည်သူတွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးအကြောင်း သိနားလည်အောင် ကြိုးစားခြင်းဆိုတဲ့ အခြေခံအသိကစလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စွမ်းတဲ့နေရာ၊ ကျရာနေရာ၊ တတ်နိုင်တဲ့နေရာစုံက ပါဝင်ပေးကြပါ။ ဒီလိုပါဝင်ပေးခြင်းအားဖြင့် အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအုတ်မြစ်အပေါ် အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
*****