တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိနေသည့် ဝဥခြောက်လုပ်ငန်း


Ministry of Information/ Naypyitaw / December 03, 2023
image_latest


နိုင်ငံတော်က နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်အတွက် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ပြည်တွင်းထုတ်ကုန် တိုးမြင့်စေနိုင်ပြီး တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေသည့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းနယ်မြေစက်မှုဇုန်ရှိ ရွှေဝါမြေဝဥအခြောက်စက်ရုံမှ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ရပါသည်။

မေး။   ။ ရွှေဝါမြေ ဝဥအခြောက်စက်ရုံကို ဘယ်အချိန်က စတင်တည်ထောင်ခဲ့ပါသလဲ။

ဖြေ။    ။ ကျောက်တန်းကျေးရွာ ကျောက်တန်း နယ်မြေစက်မှုဇုန် စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။

မေး။   ။ ဝဥအခြောက် ပြုလုပ်ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။    ။ ဝဥအခြောက်လုပ်ငန်းကို ပြည်တွင်းမှာသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး ပြည်ပဝင်ငွေကို လုံလုံလောက်လောက်ရရှိကာ နိုင်ငံတော်အတွက် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် အခုလိုဝဥအခြောက်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်ပါတယ်။

မေး။   ။ ဝဥအခြောက်ပြုလုပ်နိုင်ဖို့အတွက် ဝဥကုန်ကြမ်းတွေကို ဘယ်မြို့နယ်ဒေသတွေကနေ ဝယ်ယူရရှိခဲ့ပါသလဲ။

ဖြေ။    ။ ဝဥအစိုကုန်ကြမ်းတွေကို ဝဥစိုက်ပျိုး ဖြစ်ထွန်းတဲ့ ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်က ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေးမြို့ နယ်တို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ကောကရိတ်မြို့တွေက ဝဥအစိမ်းတစ်ပိဿာကို ငွေကျပ် ၁၀၂၀ နဲ့ ဝယ်ယူရရှိခဲ့ပါတယ်။

မေး။   ။ ဝဥအစိုကနေ ဝဥအခြောက်ပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပေးပါဦး။

ဖြေ။    ။ ဝဥအစိုတွေကို ဝယ်ယူရရှိခဲ့တဲ့အချိန်ကစပြီး မြန်မြန်အခြောက်ခံနိုင်မှ ဆုံးရှုံးမှု သက်သာနိုင်မှာဖြစ်လို့ ဝယ်ယူလာတဲ့ ဝဥအစိုတွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး အမြစ်အနာတွေ လှီးဖြတ်ရပါတယ်။ အဲဒီနောက် ဝဥဖြတ်စက်ပေါ်ကို ပို့ဆောင်ဖြတ်တောက်ပြီး ပေါင်းခံစက်အတွင်း ပေါင်းခံကာ အခြောက်ခံစက်အတွင်း မိနစ်အနည်းငယ်ကြား အခြောက်ခံပြီးမှသာ ဝဥအခြောက်ဖတ်တွေ ထုတ်လုပ်ရရှိတာဖြစ်ပါတယ်။ ဝဥအခြောက်ဖတ်တွေ ပြုလုပ်ဆောင်ရွက်သလို ဝဥအခြောက်မှုန့်တွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

မေး။   ။ ဝဥအခြောက်ဖတ်တွေနဲ့ အမှုန့်တွေကို ဘယ်နိုင်ငံတွေကို တင်ပို့ရောင်းချပါသလဲ။

ဖြေ။    ။ ဝဥအခြောက်ဖတ်တွေကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေကို အများဆုံးတင်ပို့ ရောင်းချနိုင်ပြီး ဝဥအမှုန့်တွေကို ဂျပန်နိုင်ငံကိုတစ်တန်လျှင် ဒေါ်လာ ၅၀၀ / ၆၀၀ ဝန်းကျင်နဲ့တင်ပို့ ရောင်းချလျက်ရှိပါတယ်။

မေး။   ။ ဝဥအခြောက်တွေကို ဝယ်ယူပြီး ဘယ်လိုအသုံးပြုပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဝဥအစိုကို အသားတုပြုလုပ်ပါတယ်။ ဝဥအစိုကို ကြိတ်ပြီး ဝဥသုပ်ပြုလုပ်ပြီး သက်သတ်လွတ်စားသုံး သူတွေအတွက် အဆင်ပြေစားသုံးနိုင်ပါတယ်။

မေး။   ။ ဝဥစားသုံးခြင်းဖြင့် ကျန်းမာရေး အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

ဖြေ။    ။ ဝဥမှာ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ပါဝင်လို့ နှလုံးကျန်းမာရေးကို ပိုကောင်းစေပါတယ်၊ အဆီပိုတွေ လျှော့ချပေးတယ်၊ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အရွယ်နုပျိုစေတယ်၊ ခုခံနိုင်စွမ်း အားကောင်းစေတယ်။

မေး။   ။ ဝဥအခြောက်လုပ်ငန်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာတွေ ရှိရင်လည်း ပြောကြားပေးပါဦး။

ဖြေ။    ။ ဝဥအခြောက်လုပ်ငန်းကို အရင်က မိရိုးဖလာအတိုင်း လက်လုပ်ရောင်းချရာမှာ စျေးနှိမ်ခံရပါတယ်။ အခုကျတော့ စက်ကိရိယာပစ္စည်းတွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် တစ်ခုအဖြစ် ထုတ်လုပ်တာဖြစ်လို့ ပြည်ပဝင်ငွေတိုးကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက နိုင်ငံခြားဝင်ငွေရရှိတဲ့အတွက် များစွာဝမ်းသာပီတိ ဖြစ်ရပါတယ်။    ။