တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသင်းအမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအားပေး
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသင်းအမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 09, 2025

ဘားအံ အောက်တိုဘာ ၉
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးအသင်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တွေ့ဆုံအားပေး၍ အောင်နိုင်ရေးဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ဦးစွာ ကရင်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခု ပြိုင်ပွဲဝင်မည့် အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလေးစားလိုက်နာ၍ ကြံ့ခိုင်သောစိတ် ဓာတ်၊ မလျော့သောဇွဲ၊ လုံလ၊ ဝီရိယများဖြင့် ပြိုင်ပွဲတိုင်းအနိုင်ရ၍ ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် အသင်းတစ်သင်းဖြစ် အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးအတွက် ဂုဏ်တက်စေမည့် တံခွန်စိုက် ဆုဖလားကြီးကို ကရင်ပြည်နယ်ဇွဲကပင်မြေသို့ သယ်ဆောင်ပြီး ပြည်နယ်ဂုဏ်ကိုဆောင်နိုင်အောင် စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးအသင်းထံ အောင်နိုင်ရေးအလံကို ပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် အောင်နိုင်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ အားကစားဝါသနာရှင်များ ချီးမြှင့်သည့် အောင်နိုင်ရေးချီးမြှင့်ငွေကျပ် (၁၃၈)သိန်းကို လက်ခံ၍ ဂုဏ်ပြု မှတ်တမ်း လွှာများပြန်လည် ပေးအပ်ချီးမြှင့်ကာ အမျိုးသမီးဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် စေတနာရှင်၊ အလှူရှင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။