ထိထိရောက်ရောက် ကြိုတင်စီမံကြံ့ကြံ့ခံနိုင်သည့်စွမ်းရည် မြှင့်တင်
ထိထိရောက်ရောက် ကြိုတင်စီမံကြံ့ကြံ့ခံနိုင်သည့်စွမ်းရည် မြှင့်တင်
Ministry of Information/ Naypyitaw / May 30, 2025

မြန်မာနိုင်ငံသည် တည်နေရာနှင့် မြေမျက်နှာပြင်၊ ရာသီဥတုအနေအထားတို့အရ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရှည်လျားသည့် ကမ်းရိုးတန်း၊ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းများ အများအပြားတည်ရှိနေခြင်း၊ နိုင်ငံ၏ ဗဟိုအချက်အချာတစ်လျှောက် ရှည်လျားသည့်ပြတ်ရွေ့နှင့် အခြားပြတ်ရွေ့များရှိနေခြင်းစသည်တို့ကြောင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးများ ကျရောက်နိုင်သည်။ ပြောင်းလဲလာသည့် ရာသီဥတုကြောင့်လည်း ပြင်းထန်ကြမ်းတမ်းသည့် မိုးလေဝသဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာသလို ယခင်က မကြုံတွေ့ခဲ့ဖူးသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များလည်း ဖြစ်ပွားလာသည်ကို တွေ့ရသည်။
သဘာဝဘေးများကျရောက်မှုကို တားဆီး၍မရသော်လည်း သဘာဝဘေးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းသက်သာအောင် ဆောင်ရွက်နိုင်သည်။ သဘာဝဘေးများနှင့်စပ်လျဉ်း၍ ကိုင်တွယ်ဖြေရှင်းကြရာတွင် ယခင်က အရေးပေါ်တုံ့ပြန်မှုကို အဓိကထားဆောင်ရွက်ခဲ့ကြသော်လည်း မျက်မှောက်ခေတ်တွင်မူ သဘာဝဘေးကြောင့် ထိခိုက်ခံစားရနိုင်သည့်အခြေအနေများကို လျှော့ချခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လာသည်။ အမှန်တကယ်အားဖြင့်လည်း သဘာဝဘေးကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများတွင် အခြားသော အခြေခံအကြောင်းတရားများလည်း ပါဝင်နေပြီး ယင်းအကြောင်းတရားများကို လျှော့ချနိုင်ပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ထင်ရှားသောသာဓကအားဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၃၀၀၀ ကျော် ၄၀၀၀ နီးနီး အသက်ဆုံးရှုံးခဲ့ရာတွင် အဓိကအကြောင်းရင်းမှာ အဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုနည်းတူ အဆောက်အအုံများ ပြိုကျပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းမှာ ငလျင်ဒဏ်ခံနိုင်စေရန် စနစ်တကျ မတည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အဆောက်အအုံများကို အင်အားပြင်းငလျင်ဒဏ်များကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း အားဖြင့် အဆောက်အအုံပြိုကျပျက်စီးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး လူများထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးမှုများမှလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ အခြားလမ်းတံတားစသည်တို့အပါအဝင် အခြေခံအဆောက်အအုံများကို မိမိတို့နိုင်ငံအတွင်း ဒေသအနေအထားအလိုက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှ အင်အားအပြင်းထန်ဆုံးအထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားခြင်းအားဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ပျက်စီး၊ အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ရခြင်း၊ နိုင်ငံ့ဘဏ္ဍာငွေများ အမြောက်အမြားဆုံးရှုံးရခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုထိခိုက်စေခြင်းတို့ လျော့နည်းသက်သာနိုင်မည်ဖြစ်သည်။
“ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ၌လည်း လက်ရှိကြုံတွေ့နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ထည့်သွင်းစဉ်းစားပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများတွင် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်ခဲ့မည်ဆိုပါက သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ထက် (၇) ဆခန့် လျော့နည်းသက်သာ စေနိုင်မည်ဖြစ်ကြောင်း” မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
သို့ဖြစ်ရာ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ကာ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ ရှောင်လွှဲနိုင်ကြပါစေကြောင်း။ ။