ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော် အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော် အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / January 11, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိ မြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ အားကစားကွင်းအတွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်းအထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C) နှင့် ရေကူးကန်ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်ရှိ အားကစားကွင်းအတွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပွဲကြည့်စင်တည်ဆောက်မည့် မြေနေရာနှင့်ရေဂါလန် ၈၀၀၀၀ ဆံ့ (Ground Water Tank) တူးဖော်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဓာတ်လှေကားပြန်လည်ပြုပြင်ပြီးစီးမှု၊ VIP အခန်း အထူးတန်းပွဲကြည့်စင်မှန်များ တပ်ဆင်ပြီးစီးမှုနှင့် ဘောလုံးကွင်းမီတာ ၄၀၀ Synthetic ပြေးလမ်း ခင်းနေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) မျက်နှာစာရှိ ကားပတ်လမ်းပြန်လည်ခင်းကျင်းနေမှုနှင့် ရုံအတွင်းပြင်ဆင်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မီတာ ၅၀ ပြိုင်ပွဲသုံးရေကူးကန်၊ ဒိုင်ဗင်ကန်အောက်ခံကြမ်းခင်းနှင့် ဘေးပတ်လည်ကြွေပြားအသစ် ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းအတွင်း ဘောလုံးကွင်းအကြမ်း ဖောက်လုပ်နေမှု၊ မြေသားပြေးလမ်းခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေဂါလန် ၈၀၀၀၀ ဆံ့ (Ground Water Tank) တူးဖော်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီးသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေလိုင်း၊ မီးလိုင်းများ စနစ်တကျ သွယ်တန်းထားရှိရေး၊ အားကစားကွင်း၊ အားကစားရုံများတွင် ပြည်သူများ လာရောက်လေ့ကျင့်နိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
