ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကွေ့ကျိုးပြည်နယ်အစိုးရအဖွဲ့နှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးခေါင်းဆောင်များ အကြိုတွေ့ဆုံပွဲသို့ တက်ရောက်

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကွေ့ကျိုးပြည်နယ်အစိုးရအဖွဲ့နှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးခေါင်းဆောင်များ အကြိုတွေ့ဆုံပွဲသို့ တက်ရောက်


Ministry of Education/ Naypyitaw / August 26, 2025


နေပြည်တော် ၂၀၂၅ ဇူလိုင် ၂၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနား တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့သို့ ဇူလိုင် ၂၄ ရက်တွင် ရောက်ရှိသည်။

ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကွေ့ကျိုးတက္ကသိုလ်သို့ သွားရောက်ရာ တာဝန်ရှိသူများက ကွေ့ကျိုးတက္ကသိုလ် နောက်ခံသမိုင်းနှင့် လက်ရှိဆောင်ရွက်နေသော ပညာရပ် ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက သိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။

ထို့နောက် တက္ကသိုလ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် သုတေသနဓာတ်ခွဲခန်းများ၊ တက္ကသိုလ်စာကြည့်တိုက်များနှင့် စာသင်ခန်းများကို ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားနှင့် စပ်လျဉ်း၍ ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဦးစီးသည့် အစိုးရအဖွဲ့နှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးခေါင်းဆောင်များ အကြိုတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးသည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသူများသည် တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ပွဲသို့ တက်ရောက်ကြသည်။

၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားကို ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။