နာမည်ရရှိပြီးသည့် မြန်မာ့ကော်ဖီ ဈေးကွက်လိုအပ်ချက်အမီ ထုတ်လုပ်တင်ပို့
နာမည်ရရှိပြီးသည့် မြန်မာ့ကော်ဖီ ဈေးကွက်လိုအပ်ချက်အမီ ထုတ်လုပ်တင်ပို့
Ministry of Information/ Naypyitaw / May 30, 2026
ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ကော်ဖီခွက်ရေ သန်းပေါင်း ၂၆၀၀ သောက်သုံးနေကြသည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။ ကော်ဖီသည် ကမ္ဘာပေါ်တွင် ရေပြီးလျှင် သောက်သုံးမှု ဒုတိယအများဆုံးဖြစ်သကဲ့သို့ ရေနံပြီးလျှင် ဒုတိယကုန်သွယ်မှုအများဆုံး ကုန်ပစ္စည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၀၂ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၄ ဒသမ ၂၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုအများဆုံးနိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှ ဗီယက်နမ်က ဒုတိယလိုက်သည်။ ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်ခြင်းနှင့် စိုက်ပျိုးဧရိယာတိုးချဲ့ခြင်းတို့ကြောင့် ဘရာဇီးနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ် အိတ်ပေါင်း ၆၆ ဒသမ ၇ သန်းအထိရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယမန်နှစ် ထက် ၁၈ ရာခိုင်နှုန်းပိုမိုလာပြီး အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်ကြောင်း သတင်းများတွင် တွေ့ရသည်။
ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ကော်ဖီ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ သည်ဟုသိရသည်။ ဧပြီလတစ်လတည်းမှာပင် ကော်ဖီတန်ချိန် ၁၉၈၈၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၈ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ တင်ပို့မှုပမာဏအနေဖြင့် ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ကမ္ဘာ့ဈေးနှုန်း ကျဆင်းမှုကြောင့် တင်ပို့သည့်တန်ဖိုး ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုသည်။ ပထမလေးလအတွင်း ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၅၅ ခန့်သာ ရှိပြီး ယခင်နှစ်ထက် ၁၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိကော်ဖီစိုက်ပျိုးပြီး ဧရိယာ ၂၇၉၂၀ ဟက်တာ (၆၈၉၉၄ ဧက) ခန့် ရှိပြီး ထုတ်လုပ်မှုဧရိယာမှာ ၁၃၉၈၇ ဟက်တာ (၃၄၅၆၃ ဧက)ခန့်ရှိကြောင်း၊ နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကော်ဖီ စိုက်ပျိုးမှုသည် နယ်ချဲ့ဗြိတိသျှတို့နှင့်အတူ ပါရှိလာခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည်။ ကော်ဖီကို စီးပွားဖြစ်စိုက်ပျိုးလာကြစေရေးအတွက် ယခင်တပ်မတော်အစိုးရလက်ထက်ကစ၍ စီမံကိန်းချမှတ်ပြီး ပုဂ္ဂလိကစိုက်ပျိုးသူများအား စိုက်ပျိုးမြေများချမှတ်ပေးခဲ့ရာတွင် အချို့ကသာ အမှန်တကယ် စိုက်ပျိုးခဲ့ကြပြီး အချို့မှာ မြေကိုသာယူထားကာ လုပ်ငန်းဆောင်ရွက်မှုမရှိသူများလည်းရှိခဲ့သည်။ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုချက်ပေးထားသည့် မြေဧရိယာများကို အခြားနည်းဖြင့် အသုံးချမှုများ၊ စိုက်ပျိုးမြေတွင် အဆောက်အအုံဆောက်လုပ်မှု၊ တရားမဲ့နေထိုင်မှုများ ပြုလုပ်ခဲ့ကြကြောင်းကိုလည်း တွေ့ရှိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီသည် နာမည်ရရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် တင်ပို့နိုင်မှုမရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လိုအပ်ချက် အတိုင်း ပြည့်မီစွာထုတ်လုပ်တင်ပို့နိုင်ရေး တိုးချဲ့စိုက်ပျိုးဆောင်ရွက် သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်လိုက်သည့် ကော်ဖီထုတ်ကုန်အတွက် ဈေးကွက်မရှိ၍မဟုတ်ဘဲ ကုန်ပစ္စည်းအနေဖြင့် နာမည်ရှိပြီးဖြစ်သလို ဈေးကွက်လည်းရှိပြီးဖြစ်ပါလျက် ထုတ်ကုန်မရှိ၍ မတင်ပို့နိုင်ခြင်းသာဖြစ်သည်ကို တွေ့ရသည်။ ယခင်ကော်ဖီစိုက်ပျိုးမြေများ ခွင့်ပြုချထားပေးစဉ်ကပင် စိုက်ပျိုးထုတ်လုပ်ခဲ့ကြသူများအနေဖြင့် ယခုအချိန်တွင် ပြည်ပစျေးကွက်များသို့ ကောင်းစွာ တင်ပို့နိုင် ကြမည်ဖြစ်သည်။
ကော်ဖီသည် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းသည့် ဈေးကွက်ဝင် သီးနှံဖြစ်သည်။ ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းနိုင်ငံများတွင် အာဆီယံမှ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ ပါဝင်နေပြီး ဝင်ငွေအားဖြင့်လည်း အများအပြား ရရှိနေကြသည်။ မိမိတို့နိုင်ငံအနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် အခြေအနေအရပ်ရပ်တို့နှင့် ပြည့်စုံပါလျက် ဈေးကွက်လိုအပ် ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ကော်ဖီ စီးပွားရေးကို အမှန်တကယ် လုပ်ကိုင်လိုသူများကိုသာ စိုက်ပျိုးမြေ များ ခွင့်ပြုပေးပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများပြုလုပ်၍ အားပေးဆောင်ရွက်သွားရန်လိုသည်။ ကမ္ဘာပေါ်တွင် ကော်ဖီစီးပွားရေးသည် တစ်နှစ်ထက်တစ်နှစ် မှန်မှန်ကြီးထွားလျက်ရှိပြီး ဈေးကွက်တောင်းဆိုမှုမှာလည်း ပိုမိုကျယ်ပြန့်နေမည်သာဖြစ်ရာ ကမ္ဘာ့ကော်ဖီဈေးကွက်အတွင်း မြန်မာ့ကော်ဖီနေရာကောင်းတစ်ခု ရရေးအတွက် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
