နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ e-ID စနစ်နှင့် SIM–Registration စနစ်တို့ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ရေးဆွေးနွေး
နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ e-ID စနစ်နှင့် SIM–Registration စနစ်တို့ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ရေးဆွေးနွေး
Ministry of Information/ Naypyitaw / January 11, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံ၏ ငွေပေးချေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမဟာဗျူဟာအဆင့်တွင် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပမာဏကြီးမားသော ငွေပေးချေမှုများ၊ ကတ်ပေးချေမှုများနှင့် လက်လီငွေပေးချေမှုများအတွက် CBM-NET System ၊ MPU နှင့် MyanmarPay (MMQR) စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုသုံးစွဲရေးနှင့် သုံးစွဲမှုလွယ်ကူမြန်ဆန်စေရန်အတွက် ငွေပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စနစ်တကျစိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လိုအပ်သည့် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်အကော်အထည်ဖော်နိုင်ခဲ့ပါကြောင်း။
e-Government စနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီက ချမှတ်ထားသည့် မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ မဟာဗျူဟာ ပန်းတိုင်များနှင့် ဟန်ချက်ညီချိတ်ဆက်ပြီး အမျိုးသားငွေပေးချေမှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ရေးဆွဲနိုင်ရေးကိုဆွေးနွေးပြီး အာဆီယံဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ပေးချေဆောင်ရွက်နိုင်ရေး၊ အစိုးရငွေပေးချေမှုများကို အီလက်ထရောနစ်နည်းလမ်းများဖြင့် ဖြစ်နိုင်သမျှပြောင်းရွှေ့နိုင်ရေး၊ e -Commerce Platform များနှင့် ငွေပေးချေမှုများ ချိတ်ဆက်ဆောင်ရွက်မှုကို စောင့်ကြည့်နိုင်ရေးနှင့် အခွန်အခများ သတ်မှတ်ချက်နှင့်အညီ ရရှိနိုင်ရေး၊ ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုများ ပိုမိုဆောင်ရွက်နိုင်ရေး၊ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေခြင်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲနိုင်ရေး ကိစ္စရပ်များ ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပါကြောင်း။
ဆက်လက်၍ ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ တားဆီးကာကွယ်နိုင်ရန်အတွက် ဘဏ်စာရင်းများ၊ မိုဘိုင်းငွေကြေးစာရင်းများ၏ အချက်အလက်မှန်ကန်မှုအတွက် e-KYC VMS စနစ်တည်ဆောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်နေသည့် e-ID စနစ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် SIM–Registration စနစ်တို့ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ စိစစ်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များက မိမိတို့၏ဌာနအလိုက် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲအသုံးပြုမှုများ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နေသော လုပ်ငန်းများတွင် ပိုမိုပါဝင်လာ နိုင်စေရေးပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာ (၂၀၂၆- ၂၀၃၀) ရေးဆွဲရာတွင် ဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
