နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်


Ministry of Information/ Naypyitaw / February 22, 2024
image_latest


ဟားခါး  ဖေဖော်ဝါရီ  ၂၁

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့က (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေညာပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် သဘာပတိ ဦးထန်မွမ်းခိုင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဒုတိယဝန်ကြီး ဦးထိန်လင်းတို့က ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်ကြပြီး ချင်းအမျိုးသားနေ့ အခမ်းအနားအစီအစဉ်ပထမပိုင်း ပြီးဆုံးသည်။

အားပေးစကားပြောကြား

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ချင်းပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် က ချင်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်ပစ္စည်းများကို လည်းကောင်း၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ပါဝင်ဆင်နွှဲ

ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ချင်းရိုးရာအကအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ချင်းအမျိုးသားနေ့ပွဲတော် အထိမ်းအမှတ် မီးပုံပွဲတော်အား ချင်းတိုင်းရင်းသားအက အဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲကာ ချင်းအမျိုးသားနေ့ပွဲတော်ကို ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်