နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2024
image_latest


နေပြည်တော် မေ ၈

၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တွဲဖက်စစ်ရေးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်တို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာလိုအပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသားကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း ၁၉၁ သင်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် အကူအညီလိုအပ်သူများကို လူမှုကရုဏာအကူအညီများ ပေးနိုင်နေကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ကြက် ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။

အများအကျိုးကို ဆောင်ရွက်

နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘောတူညီချက်များ (Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီလှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသပြီး မွန်ပြည်နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ ဘင်ခရာအဖွဲ့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက “အများအတွက်ကြက်ခြေနီ” သီချင်းနှင့် လူငယ်ကြက်ခြေနီမောင်မယ်များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့် သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စားမကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီး တပ်ဖွဲ့မှူး ဦးကျော်မြင့်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် မြန်မာဘာသာဖြင့် ပထမဆုရရှိသည့် မောင်ဖြိုးဝေဝင်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေရည်ထွန်းလတ်ကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ တတိယဆုရရှိသည့် မအေးမြမူကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေနှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်ပြခန်းများ၊ ကြက်ခြေနီပစ္စည်းအရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ခြင်းဆိုင်ရာ ပစ္စည်းများပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ ပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုကြသည်။

ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်ပုဒ်သည် “လူသား ချင်းစာနာမှု အစဉ်ရှင်သန်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ( Keeping Humanity Alive) ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,