နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ Naypyitaw / December 03, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ NGO၊ INGO များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော် မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်း မြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးများနှင့် ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်အတွက် နှစ်စဉ်ဒီဇင်ဘာ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို (၁၉၉၄)ခုနှစ်က စတင်ပြီး အစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊၊ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ပင် ဖြစ်ကြောင်း။

အခြား‌သော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တီထွင်ဖန်တီးမှုနှင့် နည်းပညာအကူအညီများကို ရယူသွားရမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် တီထွင်ဖန်တီးမှုသည် မသန်စွမ်းသူများအတွက် အလွယ်တကူ လက်လှမ်းမီရယူနိုင်မှု (accessibility)နှင့် အသုံးချနိုင်မှု (usability)များကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းတွင်လည်း အထောက်အကူပြု နည်းပညာများ ရယူအသုံးပြုနိုင်မှုကို မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် အသိအမှတ်ပြု ထားရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့်ပစိဖိတ်ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်လျက်ရှိကြောင်း။

အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ (၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း။

ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂ - ၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ မဟာဗျူဟာ (၅)နှစ် စီမံကိန်း ထိရောက်အောင်မြင် စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဦးဆောင်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီး ကင်းသည့်ပတ်ဝန်းကျင် (Barrier Free Environment)၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်မှု (Accessibility)တို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သကဲ့သို့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များမှ တစ်ဆင့် လေ့ကျင့်ပျိုးထောင်ပေးမှုများနှင့် စွမ်းဆောင်ရည်ပြည့်ဝစေပြီး မသန်စွမ်းသူများကို ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရရှိရေး အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း။

နိုင်ငံတော်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် (၃)ဘီလီယံကို ထုတ်ပေးထားကြောင်း၊ အဆိုပါမတည်ငွေကို မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက်ပံ့ပိုးပြီး တိုးပွားလာသည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင် အသုံးပြုသွားကြရန် မှာကြား လိုကြောင်း။

ယခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့၏ ဦးတည်ဆောင်ပုဒ်ဖြစ်သည့် “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့၊၊ အားလုံးလက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး” နှင့်အညီ မသန်စွမ်းသူများ၏ဘဝအခြေအနေ မြင့်မားတိုးတက်စေရေး၊ နောက်ကျမကျန်ရစ်စေရေးအတွက် တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး လက်လှမ်းမီရယူ အသုံးပြုနိုင်မည့် ညီမျှသည့် လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက် ပေးကြစေလိုကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ မသန်စွမ်းသူ များကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ် အသီးသီးမှ လူမှုအဖွဲ့အစည်းများတွင် ဘေးဖယ်ချန်လှပ်ထားခြင်းမျိုး မဖြစ်စေဘဲ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရေး ကြိုးစားပေးကြ စေလိုကြောင်း၊ မသန်စွမ်း သူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများ မဖြစ်ကြဘဲ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် လေ့ကျင့်နေထိုင်နိုင်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးစား လုပ်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော် မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိကြသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီးတင်အာင်စန်းတို့က မသန်စွမ်းသူများအတွက် အတာအဆီးမဲ့ခရီးသွား လာရေးဂုဏ်ပြုဆု ရရှိကြသူများနှင့် ၂၀၂၂ ခုနှစ်၊ ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ပြီး အဆင့် ၆ တွင်ရပ်တည် နိုင်ခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး ဂုဏ်ပြုဆုရရှိသူ ကိုလည်ကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သော စာအုပ်များနှင့် လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,