နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၏ အကြိမ်(၃၀)မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၏ အကြိမ်(၃၀)မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / December 17, 2024
image_latest


   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) တို့၏ အကြိမ်(၃၀)မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၅-၁၂-၂၀၂၄ ရက်နေ့၊  မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

 

   အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တက္ကသိုလ်များမှ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယ ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်များ၊ ပြင်ပကျမ်းစစ် ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့မှ သင်ကြား/စီမံ ဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ၊ ပြင်ပပညာရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

 

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်က ဆုတောင်း ပတ္ထနာပြုကာ သာရဏီယဩဝါဒကထာ ကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက သမ္မောဒနီယဩဝါဒကထာကို လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမုဒက အကြိမ်(၃၀)မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း မြွက်ကြားကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဝန်ကြီး ဌာနအနေဖြင့် သာသနာတော်ဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများကို တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ ဘွဲ့ခံသံဃာတော်များ နှစ်စဉ်ပေါ်ထွန်းရေး၊ နယ်စပ်တောင်တန်းဒေသများတွင် သာသနာထွန်းကားပြန့်ပွားနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ဆန္ဒပြု လျှောက်ထားသည်။

   ယင်းနောက် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြုလက်မှတ် ရေးထိုးပြီး ပါမောက္ခချုပ်ဆရာတော်များထံ အသီးသီး ဘွဲ့ခံယူကြကာ ဘွဲ့ခံရဟန်းတော်များသည်  နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး ရှေ့မှောက်တွင် သာသနာပြု ကတိသစ္စာ ခံယူကြသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော် ဘဒ္ဒန္တစန္ဒနသာရထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြကာ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူပူဇော်ကြသည်။

 

 

 

   ယနေ့  သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်တွင် သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့ရ ၁၄ ပါး၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ ၁၁၄ ပါး စုစုပေါင်းဘွဲ့ရ အရှင်သူမြတ် ၁၂၈ ပါး ဘွဲ့ခံယူကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ အကြိမ်(၃၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားထိ ဘွဲ့ခံယူခဲ့ကြသည့် ရဟန်းတော် စုစုပေါင်း ၃၃၁၆ ပါး  ပေါ်ထွန်းခဲ့ကြောင်း ဖော်ပါအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

HOT NEWS
January 4,