နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Industry/ Ministry of Industry / August 29, 2023


နေပြည်တော်၊ ဩဂုတ် (၂၄)
    နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများ၊ စိုက်ကွင်း/စိုက်ခြံ တာဝန်ခံများနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း(၁၀၈)ဦး တက်ရောက်သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုညှိနှိုင်းအစည်းအဝေးအား စက်မှုဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းများကြီးကြပ်မှုအောက်ရှိလည်ပတ်နေသည့် စက်ရုံ/အလုပ်ရုံများ၊ ငှားရမ်းစက်ရုံများနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပြီး ထွက်ရှိလာသည့် ရလဒ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၂)ခု၊ လုပ်ငန်း (၄)ခုတို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် နည်းပညာအ ခြေပြု ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ယခင်က နိုင်ငံပိုင်စက်ရုံများသည် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် အမြတ်ရရှိရေး၊ အကျိုးဖြစ်ထွန်းရေးတို့အပေါ် မူမတည်ဘဲ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေမျှတမှုရှိစေရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့၍ လိုငွေများဖြစ်လာပြီး နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်၏ စီးပွား ရေးကဏ္ဍတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခင်က ထည့်သွင်းစဉ်းစားခဲ့တဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံများအလုပ် အကိုင်အခွင့်အလမ်း များပြားရရှိစေရေးတို့ကို ဦးတည်၍ နိုင်ငံပိုင်စက်မှုလုပ်ငန်းကြီးများအနေဖြင့် Plan Economy ကို ဖော်ဆောင်သည့်စနစ်တွင် နိုင်ငံရေးရည်မှန်းချက်ဖြင့် စီမံကိန်းများချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းထက် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် (Free Market Economy) ကို ပြောင်းလဲဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးမဟာဗျူဟာကို ထိခိုက်စေနိုင်သော စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍမှ နည်းပညာလက်လှမ်းမမီနိုင်သော စက်မှုလုပ်ငန်းများကို စနစ်တကျကိုင်တွယ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး ကျန်စက်ရုံများအနက် မဖြစ်မနေသွင်းကုန် အစားထိုးထုတ်လုပ်ရမည့် စက်ရုံများကို ပြန်လည်လည်ပတ်စေပြီး နှစ်အလိုက်သတ်မှတ်၍ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ စက်ရုံများ ငှားရမ်းဆောင်ရွက်ခြင်းတို့ဖြင့် လက်ဆင့်ကမ်းလွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်အဖြစ်မဖြစ်မနေ  လည်ပတ်ဆောင်ရွက်ရမည့် စက်ရုံများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး အလေးထားရန် လိုအပ်သဖြင့် အဓိကကျသော သွင်းအားစုများဖြစ်သည့် စွမ်းအင်၊ ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်းများကို ပြည်တွင်း၌ လုံလုံ လောက်လောက်ရရှိရေး စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းတစ်ဦးချင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ သဘာဝဘေးအန္တရာယ်များဒဏ် ခံနိုင်ရည်ရှိစေရေးနှင့် လုပ်ငန်းခွင်သာယာ ပျော်ရွင်မှုရှိစေရေးတို့ကို စနစ်တကျအလေးထား စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် အရင်းအနှီး (Investment)၊ နည်းပညာ (Technology)၊ လူသားအရင်းအမြစ် (Human Resource)၊ စက်မှုကုန်ကြမ်း လိုအပ်ချက် (Industrial And Engineering Material) နှင့် စွမ်းအင် (Energy) ရရှိရေးတို့ကို စီမံချက်များရေးဆွဲ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရေတိုရေရှည်အစီအမံများနှင့်အညီ သုတေသနနှင့်ဖွံ့ဖြိုးမှု (Research And  Development)၊ ဆန်းသစ်တီထွင်မှု (Innovation)၊ ထုတ်လုပ်ပြီးကုန်ပစ္စည်းများအား အဆင့်မြှင့်တင်၍ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ခြင်း (Reverse Engineering) စသော နည်းလမ်းများအားလုံးကို အချိုးကျဖွံ့ဖြိုးတိုးတက်အောင်နှင့် ဟန်ချက်ညီ တိုးတက်ဖြစ်ထွန်းအောင် အစီအမံများချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ငွေကြေးအရင်းအနှီး၊ စွမ်းအင်နှင့် နည်းပညာများကန့်သတ်ချက် ရှိခြင်း၊ အရည်အသွေးနှင့် တီထွင်ထုတ်လုပ်မှုနည်းပညာ အားနည်းနေခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ပြည်ပဈေးကွက်မထိုးဖောက်နိုင်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ခေတ်နှင့်လျော်ညီမှုမရှိသည့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများအချင်းချင်း အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပြည်တွင်းစက်ရုံ အလုပ်ရုံများမှ ထုတ်လုပ်သော အဆင့်မီထုတ်ကုန်များကို အစိုးရဌာနများမှ ဦးစားပေးသုံးစွဲ အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဦးစီးလုပ်ငန်းများအနေဖြင့် မှန်ကန်ထိရောက်သော စက်မှုမူဝါဒများ၊ ရည်မှန်းချက်များ၊ အညွှန်းကိန်းသတ်မှတ်ချက်များ ချမှတ်၍ အခြား ဆက်စပ်ဝန်ကြီးဌာနများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လုပ်သားများအပါအဝင် အဖွဲ့အစည်း အားလုံး ပါဝင်ချိတ်ဆက်နိုင်ရေး စက်မှုကွင်းဆက်ချိတ် ဆက်တည်ဆောက်ဖော်ဆောင်သွား ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားစက်မှုဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်နေ သော စက်ရုံများ၊ စက်လိုင်းများ၊ စက်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သော စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့်ရင်းမြစ်များ (သို့မဟုတ်) ပင်မစက်မှုလုပ်ငန်းများကို တည်ဆောက်လျက် အမျိုးသားစက်မှုလုပ်ငန်းစွမ်းအားစု တစ်ရပ်ပေါ်ထွန်းလာစေရေး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများအနေဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရန်၊ ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်တို့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဈေးကွက်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များတို့ကိုလည်းကောင်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရမှုအခြေအနေ၊ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများက နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ၏ လူ့စွမ်းအားအရင်းအမြစ်၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကုန်ကြမ်းရရှိမှု၊ ငွေလုံးငွေရင်း၊ ဘဏ္ဍာရေး၊ ဈေးကွက်၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမှုအခြေအနေများကို အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းစိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်း (SWOT Analysis)၊ လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ နည်းစဉ်၊ ငွေကြေးအရင်းအနှီး စံနှုန်း သတ်မှတ်ချက် (6 Ms) များ၊ ပြဿနာအရင်းအမြစ်အကြောင်းအရာများ ခွဲခြမ်းစိတ်ဖြာခြင်း (Root Cause Analysis) တို့ဖြင့် အသီးသီးဆွေးနွေးတင်ပြသည်။ ထို့အပြင် အဖွဲ့များဖွဲ့စည်း၍ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အဖွဲ့အလိုက် ဆွေးနွေးရရှိသည့်အချက်များကို ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

HOT NEWS
January 4,