နိုင်ငံအနာဂတ်ကောင်းမွန်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး

နိုင်ငံအနာဂတ်ကောင်းမွန်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး


Ministry of Information/ Naypyitaw / March 18, 2026
image_latest


ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား အမြင်ကျယ်ကျယ်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ထမ်းရွက်နိုင်ရန် လွှတ်တော်များတွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ထိရောက်သည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက် သင့်သည့်အချက်အလက်များ၊ နိုင်ငံတကာတွင်ကျင့်သုံးနေသည့် အချက်အလက် များကိုသိရှိနိုင်ရန်၊ အစိုးရသစ်လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်များဖြင့် လွှတ်တော်လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေကြပြီဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပြင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မလွဲမသွေဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအားနည်းချက်သည် စီးပွားရေးကို မောင်းနှင်လုပ်ဆောင်နိုင်မည့် အတတ်ပညာရှင်များ အားနည်းခဲ့ခြင်း ကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အတတ်ပညာဆိုသည်မှာ အတန်းပညာ ကိုအခြေခံပြီး ဆောင်ရွက်ရခြင်းဖြစ်၍ ဆောင်ရွက်နေသည့် လွှတ်တော်အသီးသီးနှင့် အစိုးရသစ်အနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များအတွက် ပညာရေးကို ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်ကြမည်ဟု ယုံကြည်သည်။

အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတစ်ခုနှင့်တစ်ခု ကွန်ရက်ချိတ်ဆက်နိုင်မှု၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစနစ် အားကောင်းမှုတို့သည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်များဖြစ်သည်။ ယင်းတို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် နိုင်ငံတော်အစိုးရတစ်ရပ်တည်းက ဆောင်ရွက်၍ အလုံးစုံမရနိုင်ဘဲ ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အခြေခံအဆောက်အအုံများကို အစိုးရက တည်ဆောက်အကောင်အထည်ဖော်ပေးရမည်ဖြစ်သလို ထိုအဆောက်အအုံများ မပျက်စီး၊ မပျောက်ပျက်အောင်၊ မသမာသူများ မဖျက်ဆီးနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိက ထားဆောင်ရွက်နေသဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries)ကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုသည်။ အလားတူ ဖွံ့ဖြိုးတိုးတက်နေသည့် ခေတ်နှင့်အညီ နည်းပညာများဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စက်မှုကုန်ကြမ်းသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ် ရန်လိုသည်။ ယင်းတို့တွင် ဝါသီးနှံစိုက်ပျိုးခြင်းဖြင့် ဝါမှ ဝါဂွမ်း၊ ချည်နှင့်အထည် အလိပ်များထုတ်လုပ်နိုင်ပြီး စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာအထောက်အကူ ပြုနိုင်သည်။

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသောက်ကုန်များကိုသာမက အခြားပြည်တွင်းသုံး ပြည်ပအစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို ထုတ်လုပ်နိုင်ရန်လိုသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်သည်။ ပြည်ပပို့ကုန်များ တင်ပို့ခြင်းမှ နိုင်ငံခြားငွေများရရှိမှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်လိုပြီး ပြည်သူ့ကိုယ်စားလှယ်များက ဦးဆောင်လမ်းပြဆောင်ရွက်ကြရမည်ဖြစ်သည်။ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး တစ်ဦးချင်းမှအစ ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံ၏ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်မီတိုးတက်လာရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များ၏ ဦးဆောင်လမ်းပြမှုများ၊ တိုးတက်ကောင်းမွန်သည့် အကြံဉာဏ်များဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာအောင် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။