နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာတွင် ကမ်းပါးပြို၍ ရွှေ့ပြောင်းသည့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာတွင် ကမ်းပါးပြို၍ ရွှေ့ပြောင်းသည့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်
Ministry of Information/ Naypyitaw / September 26, 2023
နေပြည်တော် စက်တင်ဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ နေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုတွင် ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်လေးလုံးအတွက် တစ်အိမ်လျှင် ဆန် ၂၄ ပြည်အိတ်တစ်အိတ်၊ ဆီငါးပိဿာတစ်ပုံးနှင့် ခေါက်ဆွဲခြောက်ထုပ်တစ်ဖာနှုန်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး ယာယီမြေထိန်းနံရံဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့သည့် နေအိမ်လေးလုံးကို စက်တင်ဘာ ၂၂ ရက်က နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်လေးသိန်း၊ လူ ၁၉ ဦးအတွက် တစ်ဦးလျှင်ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၉၉၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းပုံးတစ်ပုံးနှုန်းဖြင့် ကယ်ဆယ်ရေးပစ္စည်းလေးပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်