နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့တို့ကြီးမှူး၍ နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့တို့ကြီးမှူး၍ နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်


Ministry of Information/ Naypyitaw / April 02, 2024
image_latest


နေပြည်တော် ဧပြီ ၁

နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်သီတာဇင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးများမှ အခြေခံပညာအလယ်တန်းနှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချပြီး အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကွန်ပျူတာနည်းပညာ အခြေခံတတ်ကျွမ်းစေရန် ရည်ရွယ်၍ “နွေရာသီအခြေခံကွန်ပျူတာသင်တန်း” ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို ဧပြီ ၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးများမှ အခြေခံပညာ အလယ်တန်းအဆင့် (Grade 8 ၊ 9) ၄၃ ဦးနှင့် အခြေခံပညာ အထက်တန်းအဆင့် (Grade 10 ၊ 11 ၊ 12) ၄၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၀ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာ သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်

HOT NEWS
January 4,