ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 22, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နှင့် ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပုဏ္ဏားစုရပ်ကွက်ရှိ မြို့ထောင့်ဘုန်းကြီးကျောင်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ လာရောက် သိမ်းဆည်းထားရှိကြောင်း သတင်းအရ ပဲခူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “ဓမ္မသဟာယကျောင်းတိုက်” စာတန်းပါ ယာဉ်အမှတ် KYN/RLG-XXXX NISSAN X-TRAIL မော်တော် ယာဉ်အား ပဲခူးမြို့နယ်၊ ဇိုင်းတောင်ရပ်ကွက်နေ မျိုးမင်းအောင်(ခ)တင်ကူ(၃၀)နှစ်နှင့်အတူ တွေ့ရှိရပြီး အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မျိုးမင်းအောင်(ခ)တင်ကူ အား ပဲခူးမြို့မရဲစခန်း (ပ)၂၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ကျော်ထက်ကွေ့မီးပွိုင့်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘို-မန္တလေးကားလမ်းအတိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်နေ မွေဖုလမြန်(၃၂)နှစ် မောင်းနှင်လာသည့် MDY-15/9C-XXXX PAJERO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မွေဖုလမြန် အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၃၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။
