ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDMဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း

ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDMဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / June 28, 2022
image_latest


ဇွန် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုအတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးလုပ်ငန်းများကို ထမ်းဆောင်လျက်ရှိသည်။ မိမိတို့ အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်နေသူများအနက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကို ပြန်လည်ဖိတ်ခေါ်ခြင်းတို့အား အသိပေးထုတ်ပြန်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများကိုလည်း စနစ်တကျလက်ခံပေးလျက်ရှိသည်။

နိုင်ငံတော်အားအလုံးစုံပျက်သုဉ်းစေလိုသည့် CRPH နှင့် NUG အကြမ်းဖက်အုပ်စုများက ဆွဲဆောင်စည်းရုံးမှု၊ သွေးထိုးလှုံဆော်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် အချို့သော CDM ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များတို့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွားခဲ့ပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများသို့ စာရင်းသွင်း ပါဝင်တက်ရောက် ခဲ့ကြသည်ကို တွေ့ရှိရ သည်။

ထိုသို့သင်တန်းတက်ရောက်ခဲ့သူများအနက်မှ အချို့သောသူများသည် အကြမ်းဖက်တိုက်ခိုက်သည့် လုပ်ရပ်များတွင် ပါဝင်လိုခြင်းမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး ပြည်တွင်း/ပြည်ပဒေသအချို့၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းကို ကြားသိရသည်။ ၎င်းတို့သည် NUG အမည်ခံအကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏လက်အောက်ခံ PDF အကြမ်းဖက် အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကို မျက်ဝါးထင်ထင်တွေ့မြင်လာပြီး လက်ခံနိုင်မှုမရှိခြင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက် နေမှုများကို ယုံကြည်လက်ခံလာခြင်း၊ မိမိတို့၏ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများနှင့် အတူတည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်လိုခြင်းတို့ကြောင့် မိမိတို့နေရပ်ဒေသသို့ ပြန်လည်ဝင်ရောက်လိုသော်လည်း CRPH နှင့် NUG အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံများက ထိန်းချုပ်အကျပ်ကိုင်ခြိမ်းခြောက်ထားမှုတို့ကြောင့် ပြန်လည်ဝင်ရောက်ခြင်း မပြုနိုင်ကြသည်ကိုလည်း ဆက်သွယ်သတင်းပေးပို့ချက်များအရ သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့သော မြန်မာနိုင်ငံရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံနိုင်ရေးအတွက် နယ်စပ်ဒေသအသီးသီးတွင် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါစခန်းများအပြင် နီးစပ်ရာတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

HOT NEWS
January 4,