ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးရှိ နေအိမ်ပေါ်သို့ ပိမိခဲ့သောကြောင့် ကလေး ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးရှိ နေအိမ်ပေါ်သို့ ပိမိခဲ့သောကြောင့် ကလေး ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ Naypyitaw / September 04, 2025


   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးရှိ နေအိမ်ပေါ်သို့ ပိမိခဲ့သောကြောင့် ကလေးငယ် ၂ ဦး သေဆုံးကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

  ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်စက်ကျေးရွာ၊ ကျွဲရှင်းတံတားအနီး ပျဉ်းမနား-တောင်ညိုကားလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ညိုဘက်မှ ကျွဲရှင်းကျေးရွာဘက်သို့ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်နေ မင်းမင်းဦး(၃၃)နှစ် မောင်းနှင်ပြီး မြို့ဦးကျေးရွာနေ ပြည့်စုံဖြိုး(ခ) ကိုပြည့်(၂၆)နှစ် လိုက်ပါသော 4I-XXXX FUSO အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်စက်ကျေးရွာနေ ဦးကျော်ဇော(ခ) ကျော်လတ်(၃၄)နှစ်၏ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိသဖြင့် ဦးကျော်ဇော(ခ)ကျော်လတ်နှင့် ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်ထူး(၃၅)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိ၍ သမီးဖြစ်သူ မအိမ့်ရတီကျော် (၃)နှစ်မှာ သေဆုံးသွားခဲ့ကာ ခရီးသည်တင်မော်တော်ယာဉ်မှာ လမ်းဘေးအောက်သို့ ဆက်လက် ထိုးကျပြီး ဦးပေါ်ဦး၏နေအိမ်ပေါ်သို့ ပိမိခဲ့သဖြင့် ၎င်း၏သားဖြစ်သူ မောင်ဝန်းရံခ(၁၄)နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ ထပ်မံသေဆုံးသွားခဲ့ကြောင်း။

  ယာဉ်ပေါ်ပါ ခရီးသည်များအနက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ဦးစိုးနိုင်(၅၃)နှစ်၊ ဇမ္ဗူသီရိမြို့နယ်နေ ဦးဘုန်းကျော်(၄၁)နှစ်၊ ဒေါ်မြင့်မြင့်ဌေး(၃၈)နှစ်၊ ဒက္ခိဏသီရိမြို့နယ်နေ ကိုအောင်ကိုမျိုး(၂၆)နှစ်၊ ပုဗ္ဗသီရိမြို့နယ်နေ ကိုရဲထက်ကျော်(၂၈)နှစ်၊ မမေဦးမောင် (၂၄)နှစ်နှင့် မထက်ထက်ဖြိုး(၁)နှစ်(၈)လ၊ လယ်ဝေးမြို့နယ်နေ ဒေါ်အေးအေးဝင်း(၄၉)နှစ်နှင့် မသင်းသီရိအောင်(၁၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မင်းမင်းဦး အား တောင်ညိုနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။