ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / December 07, 2022


နေပြည်တော် ဒီဇင်ဘာ ၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှားနိုင်ငံသား ခရီးသည်များ မြန်မာနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဏာမအမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး ငပလီကမ်းခြေသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ Aureum Palace ဟိုတယ်၌ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားခရီးသွားများသည် ပင်လယ်ကမ်းခြေများကို နှစ်သက်ကြပါကြောင်း၊ ယခု ငပလီကမ်းခြေကိုလည်း အထူးနှစ်သက်ကြပါကြောင်း၊ ငပလီကမ်းခြေသည် ရေသန့်ရှင်းကြည်လင်ခြင်း၊ ဖြူလွှသော သဲသောင်ပြင် သာယာပြန့်ပြူးလှပခြင်းနှင့် ခရီးသွားများပြည့်ကျပ်မှုမရှိသော ပတ်ဝန်းကျင်ကို နှစ်သက်ကြပါကြောင်း၊ ထို့ကြောင့် ရုရှားခရီးသွားများကို ဖိတ်ခေါ်၍ လည်ပတ်ကြခြင်းဖြင့် နိုင်ငံတော်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများ ဘက်ကလည်း ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်မှုများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထုတ်ကုန်များ မြှင့်တင်ရေးနှင့် အရေအတွက်များများ ထုတ်လုပ်ရောင်းချနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ဥက္ကဋ္ဌနှင့် အသင်းအလုပ်အမှုဆောင်များက ခရီးစဉ်ဒေသ သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးနှင့် ထိုက်သင့်သော ဖြေလျှော့မှုများ ခွင့်ပြုပေးရေးတို့ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Maxim RESHETNIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူထားရှိမှုများနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာမူကြမ်း ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက မကြာမီတွင် ရုရှားနိုင်ငံမှ ခရီးသည်များ လာရောက်လည်ပတ်ကြမည်ဟု ယုံကြည်ပါကြောင်း၊ အနာဂတ် စီမံကိန်းများတွင်လည်း အစိုးရ၊ ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက ရုရှားခရီးသည်များ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရေး အစီအမံများကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနှင့် ကိုယ်စားလှယ်များကို ငပလီကမ်းခြေရှိ Amazing Ngapali Resort၊ Bayview Beach Resort နှင့် Sandoway Resort များသို့သွားရောက်၍ ဟိုတယ်အခန်းများနှင့် ဝန်ဆောင်မှုများကို ပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Myanma Alin

HOT NEWS
January 4,