ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ


Ministry of Information/ Naypyitaw / September 26, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူး Ms. Zeng Yan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ယူနန်ပြည်နယ်မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့်နားလည်မှုရှိစေရေး၊ ရုပ်မြင်သံကြားနှင့်ပုံနှိပ်မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော် ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နံနက်ပိုင်းကလည်း ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်လေ့လာကြရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ MRTV-NRC Channel မှ တ်ုင်းရင်းသား/သူများက ဦးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နှစ်နိုင်ငံမီဒီယာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် MRTV News Channel Studio တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုကိုလည်းကောင်း၊ Auditorium ခန်းမတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ “သွေးချင်းတို့ဌာနေ မြန်မာပြည်” တေးသီချင်း သရုပ်ဖော်ရိုက်ကူးမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက်ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့်စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။

မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ကျောက်မျက်ပြတိုက်သို့ သွားရောက်လေ့လာကြသည်။

ညနေပိုင်းတွင် အဆိုပါအဖွဲ့သည် နေပြည်တော်မှလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

သတင်းစဉ်

HOT NEWS
January 4,