ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေ သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ကော်မတီဝင်များက ဒက္ခိဏသီရိရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းသွားရောက်၍ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ အိမ်ထောင်စုဆိုင်ရာ မေးခွန်းအချက်အလက်များမေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုးနွယ်ကျေးရွာအုပ်စု ရဲဒီးကျေးရွာရှိ မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်စက်ရုံတွင် ဝန်ထမ်းများနှင့် မြို့နယ်နှင့် ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်းကာ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းနှင့် အစုအဖွဲ့ဆိုင်ရာ မေးခွန်းများမေးမြန်း၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ စက်ရုံဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယခု စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည့် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းမဆောင်ရွက်မီ တစ်နှစ်အလို ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်းကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့်အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Mobile Tablet များအသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက်မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,