ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သစ်လွင်သူနာပြုများကို ဌာနဆိုင်ရာအမိန့်စာပေးအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သစ်လွင်သူနာပြုများကို ဌာနဆိုင်ရာအမိန့်စာပေးအပ်


Ministry of Information/ Naypyitaw / October 20, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁၉

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပရာနေပြည်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ခန့်အပ်တာဝန် ပေးအပ်ခံရသည့် သစ်လွင်သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူ

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သူနာပြုဆရာ ဆရာမများကို အထူးမှာကြားလိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ်သဲတစ်ပွင့် ထမ်းရွက်ရာတွင် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး သူနာပြုဆရာဆရာမများလိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ လူနာများကို နွေးထွေးပျူငှာဆက်ဆံကြရန်နှင့် အခြေခံသူနာပြုစုမှုနှင့် သားဖွား အတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော ခံယူချက် မှန်ကန်သည့် သူနာပြု ဆရာ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်း မပြုလုပ်စေလိုကြောင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ပြည်သူများအား ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးရှိသော သူနာပြုစုမှုပညာများဖြင့် ပြုစုစောင့်ရှောက်မှုများပေးပြီး လူထုမှ စိတ်ကျေနပ်မှုရရှိပြီးအားကိုး ယုံကြည်ထိုက်သော သူနာပြုများဖြစ်အောင် ကြိုးစားစေလိုကြောင်း။

ထို့ပြင် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်း တက်ရောက်အောင်မြင်ပြီးပါက (၉)လ အထူးပြုသူနာပြု ဒီပလိုမာ သင်တန်း၊ အရေးပေါ်သူနာပြုစုမှု ပညာသင်တန်း၊ သူနာပြုသိပ္ပံ (B.N.Sc) (ပေါင်းကူး)သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ အရေးပေါ်သူနာ ပြုစုမှုပညာသင်တန်း၊ ပြည်သူ့ကျန်းမာရေးမဟာသိပ္ပံဘွဲ့(MPH)၊ သူနာပြုမဟာသိပ္ပံဘွဲ့(M.N.Sc)၊ သူနာပြု ပါရဂူဘွဲ့(Ph.D)များသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ရှိသည့်အတွက် စဉ်ဆက်မပြတ် ကြိုးစားစေလိုပါကြောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ လေ့လာဆည်းပူးနိုင်ရေး ဆက်လက်ကြိုးစားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြုဌာနဆိုင်ရာ အမိန့်စာများကို သစ်လွင်သူနာပြုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို ပေးအပ်ပြီး သစ်လွင်သူနာပြု များကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် နေပြည်တော် သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများက တေးသရုပ်ဖော်အက အလှများဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သူနာပြုအုပ်များအား သူနာပြု အုပ်ကြီးရာထူးအဖြစ် လည်းကောင်း၊ သူနာပြုကြီး ၁၃၇ ဦးအား တာဝန်ခံသူနာပြုကြီး ရာထူးအဖြစ်ရာထူးတိုးမြှင့် ခန့်အပ်ပေးခဲ့ပြီး ယနေ့ ခန့်အပ်လိုက်သည့် သစ်လွင်သူနာပြုအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြု-သားဖွားဒီပလိုမာ အောင်မြင်သူ ၁၇၄၅ ဦးအပါအဝင် သူနာပြုသိပ္ပံ ဘွဲ့ရသူ ၃၇ ဦးကို သစ်လွင်သူနာပြုများအဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘွဲ့ရ ၃၅ ဦး တို့ကို ဆေးဘက်ကျွမ်းကျင်(၂) (ဓာတ်မှန်)အဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှု နည်းပညာဘွဲ့ရ ၃၇ ဦးတို့ကို ဆေးဘက်ကျွမ်းကျင်(၂) (အကြော)အဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာဘွဲ့ရ နှစ်ဦးကို ဒု-စာရင်းအင်းမှူး(ဆေးမှတ်တမ်း)အဖြစ် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာဓာတ်ခွဲ နည်းပညာဘွဲ့ရ ၃၀ တို့ကို ဆေးဘက်ကျွမ်းကျင်(၂)(ဓာတ်ခွဲ)အဖြစ် လည်းကောင်း အောက်တိုဘာ ၅ ရက်တွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်