ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် ပုလဲမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 26, 2024
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိခရိုင်သစ်တော ဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတောများထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူ သယ်ဆောင်ခြင်းများကို ကာကွယ်တားဆီးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အဂတိတရားကင်းရှင်းစွာ တာဝန်ထမ်းဆောင် ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ်ရှိ ရှမ်းချောင်းသစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၆၈၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် ကျွန်းစုမြို့နယ် နတ်သမီးရေတွင်းကျွန်းရှိ အဏ္ဏဝါပုလဲကုမ္ပဏီသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ စာသင်ကျောင်းများပြုပြင်ရန်နှင့် ကျေးလက်ဆေးပေးခန်းများဆောက်လုပ်ရန် ထောက်ပံ့ငွေများကို ပေးအပ်ကာ သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက် မွေးမြူနေမှုနှင့် မုတ်ကောင်အတွင်း ဝတ်ဆံသွင်းပုလဲ မွေးမြူမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူ ထုတ်လုပ်ရေးကျွန်းစခန်းသို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲလုပ်ငန်းဖြစ်ပေါ်တိုးတက် လာမှု၊ သားဖောက်မုတ်ကောင်မှ ပုလဲထုတ်လုပ်မှု အဆင့်ဆင့်၊ ဌာနနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီများ၏ နှစ်အလိုက် ပုလဲထုတ်လုပ်မှု၊ ရောင်းချမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှထွက်ရှိသော တောင်ပင်လယ်ပုလဲသည် ကမ္ဘာတွင် အရည်အသွေးကောင်းမွန်ပြီး စျေးကွက်လိုအပ်ချက် မြင့်မားလာသောကြောင့် မြန်မာ့ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်း ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်