ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 10, 2024
image_latest


နေပြည်တော် ဧပြီ ၉

လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ်(၈)ရပ်ပါဝင်ပြီး ၎င်းတို့အနက် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်း အစီအစဉ်(၂)ရပ်ဖြစ်သည့် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးသူငယ်များကို ငွေကြေးအထောက် အပံ့ပေးရေးအစီအစဉ် (MCCT)”နှင့် “လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်”တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့်ရှိသူများထံသို့ ငွေကြေးများတိုက်ရိုက်ထောက်ပံ့ခြင်း (Cash in Envelope)နည်းလမ်းကိုသာ အသုံးပြုလျက်ရှိပါကြောင်း၊ ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံသို့ ထောက်ပံ့ငွေများအပြည့်အဝရရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ တိကျမှန်ကန်စွာသုံးစွဲနိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် တင်ပြသွားမည့် ထောက်ပံ့ကြေးငွေပေးအပ်ခြင်းနည်းလမ်းများအပြင် ရေရှည်ဆောင်ရွက်နိုင်မည့် အခြားအကြံပြုလိုသည့်နည်းလမ်းများ၊ နည်းပညာများကိုလည်း မျှဝေအကြံပေးဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ၊ ပြောင်းလဲအသုံးပြုလိုသည့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းသည်။

မွန်းလွဲပိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက် ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဆင်နွှဲရန်အတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်ကိုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ယိမ်းအဖွဲ့မှ “ရေတွေစိုကုန်ပြီ၊ နွေဦးကဗျာ” သီချင်းများဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနယိမ်းအဖွဲ့မှ “မူယာကျော့၊ ကျီစားသလား” သီချင်းများဖြင့်လည်းကောင်းနေ့အလိုက် ပါဝင်ဖျော်ဖြေဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,