ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန်များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန်များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်


Ministry of Information/ Naypyitaw / May 02, 2024
image_latest


နေပြည်တော် မေ ၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ အထင်ကရဘုရားစေတီများမှ ဂေါပကများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားအပါအဝင် ကိုးဆူကိုစတင်ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့ရှိရွှေမော်ဓောဘုရားကို ထပ်မံထည့်သွင်း၍ ၎င်းဘုရား ၁၀ ဆူ တို့၏ Pagoda Digital Directory ကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်ဆောင်ရွက်ခဲ့ကြောင်း၊ Pagoda Digital Directory ဖြင့် Websiteများ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ) ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ဘာသာ၊ သာသနာရေးနှင့်ပတ်သက်၍ အလွယ်တကူသိရှိ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့် အခြေအနေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ နည်းပညာရပ်ဆိုင်ရာများကို မန္တလေးနည်းပညာ တက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ အကူအညီရယူဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရန်ကုန်မြို့ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဘဏ္ဍာထိန်းဦးလှမြင့်က ရွှေတိဂုံစေတီတော်တွင် ဆောင်ရွက်ပြီးစီးသွားသည့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory)လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦးက တန်ခိုးကြီးဘုရား ၁၀ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) ဆောင်ရွက်ပြီးစီးမှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပုဂံရှေးဟောင်းဒေသရှိ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်၊ မန္တလေးမဟာမြတ်မုနိဘုရားတို့တွင် Pagoda Digital Directory ဆောင်ရွက်မှု၊ ပုဂံရှေးဟောင်းဒေသတွင် ဘုရားစေတီ ၁၈ ဆူဆောင်ရွက်မည့် အခြေအနေတို့ကို ထပ်ဆင့်ရှင်းလင်း တင်ပြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိဒေါ်အေမီဉာဏ်ဝင်းက ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ နှလုံးအထူးကြပ်မတ်ဆောင် ငါးလွှာတွင်ဆေးကုသမှုခံယူနေသော အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,