ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲ ကျင်းပ


Ministry of Information/ Naypyitaw / March 25, 2026
image_latest


နေပြည်တော် မတ် ၂၄

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် ၃၄ ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုအခါ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်စီစဉ် ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ဦးစီး ဌာန၏အကူအညီဖြင့် ယခုကဲ့သို့ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်သည် ပေါ့ဆ၍မရသဖြင့် မီးဘေးလုံခြုံရေးစီမံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခု မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးမှုများကို သိရှိမှတ်သားပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် ပြောကြား သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ ဥတ္တရခရိုင်မီးသတ်ဦးစီးမှူးက မီးဘေး ကြိုတင်ကာကွယ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များ၊ လက်တွေ့ မီးငြှိမ်းသတ်မှုများနှင့် ရှောင်ရှားရမည့်အချက်များနှင့် အမူအကျင့်များကို ဖြစ်ပွားခဲ့သော မီးဘေးများနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးငြှိမ်းသတ်မှုဆိုင်ရာ နည်းလမ်းများကို လက်တွေ့သရုပ်ပြကြ ပြီး ဝန်ထမ်းများကိုယ်တိုင် လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်