ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များ ရှင်းလင်း

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များ ရှင်းလင်း


Ministry of Information/ Naypyitaw / April 10, 2024
image_latest


နေပြည်တော် ဧပြီ ၉

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင်စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ထပ်ဆင့်ရှင်းလင်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ မိသားစုအကျိုး၊ ဌာနအကျိုး၊ နိုင်ငံအကျိုးကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ လတ်တလောတွင် အကျုံးဝင်သူနိုင်ငံသားတိုင်း စစ်မှုထမ်းရန်မလိုအပ်သေးပါကြောင်း၊ ရွေးချယ်ရေးအဖွဲ့များဖွဲ့စည်း၍ ရပ်/ကျေးအဆင့် လိုအပ်သည့်ပမာဏကိုသာခေါ်ယူ၍ ဆေးစစ်ပြီးအောင်မြင်မှသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာတစ်နိုင်ငံတည်းတွင်သာ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မိမိတို့ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ပြန်လည်ဝေမျှပြီး နိုင်ငံတော်၏အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,