ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ဖြည့်စွက်အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ဖြည့်စွက်အသိပညာပေး ဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / April 10, 2024
image_latest


နေပြည်တော် ဧပြီ ၉

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်နှင့် ယာယီရွှေ့ဆိုင်းခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များအား ဝန်ထမ်းများသိရှိနိုင်ရေးအတွက် ဖြည့်စွက်အသိပညာပေးဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်သူ့စစ်မှုထမ်းဥပဒေကို  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံး၏ အရေးကိစ္စများဆောင်ရွက်ရသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများ လွယ်ကူရှင်းလင်းစွာ သေသေချာချာသိရှိနားလည်နိုင်စေရန်၊ နိုင်ငံတော်လုံခြုံရေးအတွက် ချမှတ်ထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးက သိရှိနားလည်နိုင်ရန်၊ အခြားသူများက မေးမြန်းလာပါကလည်း ပြန်လည်ရှင်းလင်းပြောကြားနိုင်ရန်၊ တစ်ဦးချင်းအတွက်သာမက အများအတွက်၊ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးအတွက် ဗဟိုပြုဆောင်ရွက်နေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများက ထဲထဲဝင်ဝင်သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေများကို ထဲထဲဝင်ဝင်သိရှိရန်လိုအပ်ပြီး မျက်ခြည်မပြတ် လေ့လာသွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ဥက္ကဋ္ဌရုံးအဖွဲ့လက်ထောက်အတွင်းဝန် ဒေါ်ချိုမာမြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၂ပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှလျှော့ပေါ့ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၁၅(က)ပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ၊ ဥပဒေပါသတ်မှတ်ချက်များနှင့် ၁၀-၃-၂၀၂၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည့် အရန်တပ်ဖွဲ့နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကိုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ယိမ်းအဖွဲ့အနေဖြင့် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲနိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ယိမ်းအကကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှုကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အနုပညာဦးစီးဌာနမှ အကနည်းပြဆရာမအား အမြဲတမ်းအတွင်းဝန်က ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ပြီး သင်္ကြန်ယိမ်းအဖွဲ့ဝင်များအားဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်း ၁၆ ဦး ပါဝင်သည့် သင်္ကြန်ယိမ်းအဖွဲ့များသည် မင်္ဂလာရှိသောသင်္ကြန်၊ ယိမ်းသမလေးရေစသည့် မဟာသင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေမည်ဖြစ်သည်။

သတင်းစဉ်

HOT NEWS
January 4,