ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်လျက်ရှိ


Ministry of Information/ Naypyitaw / December 03, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

ကရင်ပြည်နယ်အတွင်းရှိ ‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့၊ NUG အဖွဲ့နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် ထွက်ပြေးတိမ်း ရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်းများဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာစကားများ ဖြင့်လည်းကောင်း အသိပေးနှိုးဆော်၍ ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးမှုများကြောင့် အေးချမ်းစွာ ပြန်လည်နေထိုင်လိုသည့် ခေတ္တထွက်ပြေး တိမ်းရှောင်နေသည့် ဒေသခံ တိုင်ရင်းသားများမှာ ဝမ်းသာအားရဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှ ယနေ့ထိ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။