ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Information/ Naypyitaw / April 01, 2023
image_latest


နေပြည်တော် ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား မတ် ၃၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားနှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတားတို့ ဖြစ်သော သံကူကွန်ကရစ်အမျိုးအစားတံတား ၂ စင်းတို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ်ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ်များဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။

ထိုသို့ အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်ချောင်းကူးတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။