ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ
ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / November 01, 2023

ရန်ကုန် အောက်တိုဘာ ၃၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏ ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာကိစ္စရပ်များအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ငွေကြေးလိမ်လည်မှုများကို အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မိုဘိုင်းငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (FIU)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedure-SOP) အပေါ် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အကောင်အထည်ဖော်လိုက်နာဆောင်ရွက်နိုင်ရေး၊ ငွေကြေးလိမ်လည်မှုများ အချိန်မီ တားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်များနှင့်စပ်လျဉ်း၍ မှာကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်သူများက ငွေကြေးလိမ်လည်မှုများ အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးနှင့် အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ငွေကြေးလိမ်လည်မှုနှင့်စပ်လျဉ်း၍ အများပြည်သူ အလွယ်တကူသိရှိနိုင်စေရန် မိုဘိုင်းပေး Website များတွင် အသိပေးဖော်ပြထားမှုများ၊ Social Media အသုံးပြု၍ အသိပညာပေး အစီအစဉ်ဆောင်ရွက်နေမှုများ၊ ငွေကြေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မိုဘိုင်းပေးချေမှုဆိုင်ရာ အသုံးပြုသူများအလွှာအသီးသီးမှ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးလိမ်လည်မှုများ တားဆီးအရေးယူမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) အနေဖြင့် ငွေကြေးလိမ်လည်မှုဖြစ်သည်နှင့်တစ်ပြိုင်တည်း ချက်ချင်းထိရောက်စွာ တားဆီးဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အသိပညာပေးမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် ငွေကြေးလိမ်လည်မှုများကို ဖြစ်စဉ်တစ်ခုချင်းစီအလိုက် နမူနာထားပြီး ဝန်ဆောင်မှုပေးသူများအစုအဖွဲ့၊ အသုံးပြုသူများအစုအဖွဲ့၊ ဥပဒေစည်းမျဉ်းထိန်း ကျောင်းသူများအစုအဖွဲ့များက ရှင်းလင်းလွယ်ကူစွာ အသိပေးရန်လိုအပ်ကြောင်း ဆွေးနွေးအကြံပြုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၏ Onsite Team များမှ အရာထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနရှိ အရာထမ်း/အမှုထမ်းများအနေဖြင့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ Onsite Examination Manual ပါ Risk-based Supervision နည်းလမ်းများ၊ Offsite မှရရှိသည့် သတင်းအချက်အလက်များနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာများအရ စစ်ဆေးပြီး စစ်ဆေးထားသည့် အစီရင်ခံစာများက ကြန့်ကြာမှုမရှိစေဘဲ သက်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများကို ဖြန့်ဝေအသိပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Onsite Team ဖွဲ့စည်းထားမှု အခြေအနေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများအား Onsite စစ်ဆေးပြီးသည့် အခြေအနေ၊ ဆက်လက်စစ်ဆေးမည့် Onsite Examination Plan များကို တင်ပြဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးများက ၎င်းတို့စစ်ဆေးပြီးသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ဆက်လက်စစ်ဆေးမည့် ငွေရေးကြေးရေး အဖွဲ့အစည်းဆိုင်ရာများကိုတင်ပြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်