ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများဆုချီးမြှင့်
ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများဆုချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 17, 2026
ဘားအံ ဇန်နဝါရီ ၁၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘောလုံးအသင်းနှင့် သင်္ချာဘောလုံး အသင်းတို့ အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ပွဲစကားချိန်မိနစ် ၉၀ အတွင်း တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ အချိန်ပိုတွင် ဂိုးထပ်သွင်းနိုင်ခြင်းမရှိသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ် ၇ ဂိုး ၅ ဂိုးဖြင့် သင်္ချာအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ဘားအံတက္ကသိုလ်၏ ဆောင်ရာသီအားကစားပြိုင်ပွဲအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စုစုပေါင်းအားကစားနည်း(၄)မျိုးတွင် ကျောင်းသား၊ကျောင်းသူ ၃၉၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အပြီးတွင် ဘားအံတက္ကသိုလ်၏ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက် ကျင်းပရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီး မီတာ (၁၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ (၄၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ ဘာသာရပ်ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ တတိယဆုရရှိသော ညွှန့်ပေါင်းဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ဓာတုဗေဒ ဘောလုံးအသင်း တို့အား တစ်ဦးချင်းငွေသားဆုနှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ် ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော သင်္ချာဘာသာရပ်အမျိုးသားဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
