ဘားအံမြို့၌ အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်)တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချ
ဘားအံမြို့၌ အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်)တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 02, 2026
ဘားအံ - မေ (၂)
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံ သည့်ကုန်ထုတ်လုပ်ငန်းများကိုအားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့တိုက်ရိုက်ရောက်ရှိစေ ရေးအတွက် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်းတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်)တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချခဲ့သည်။
အဆိုပါတောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆက်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည် အစရှိသော ဒေသထွက်မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ဗူးသီး၊ အာလူး၊ ဖရုံသီး အစရှိသော ဒေသထွက် ဟင်းသီးဟင်းရွက်(စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန် သည်ကြီးများအသင်း တို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်း ဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ် လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေး မြူထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါအကျိုးရှိစေမည်ဖြစ်သည်။
ထိုသို့ တောင်သူလယ်သမားဈေးတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အများပြည်သူသို့ သက်သာ သောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါတောင်သူလယ်သမားဈေးကို လစဉ်ပထမအပတ်၏ စနေနေ့ တွင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့်အပတ်တွင် ဈေးဆိုင်ခန်းများပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ သည်။
ဆက်လက်၍ ဘားအံတက္ကသိုလ် အင်ကြင်းဆောင်ရှေ့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက်ရေကြောင်းပညာကျွမ်းကျင် သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်ကကြီးမှူးဖွင့်လှစ်သော ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်း လူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း စစ်ရေးပြလေ့ကျင့်ခြင်းကို ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါသင်တန်းတွင် အခြေခံရေကြောင်းလူငယ် သင်တန်း ၁၀၀ ဦး၊ တန်းမြင့်ရေကြောင်းလူငယ်သင်တန်း ၂၀ ဦးတို့က စာသင်ကြားခြင်းနှင့်စစ်ရေးပြကို ဘားအံတက္ကသိုလ် တွင်လည်းကောင်း၊ လက်တွေ့ရေကူးလေ့ကျင့်ခြင်းကို ဇွဲကပင်ရေကူးကန်၌ လည်းကောင်း၊ လှေလှော်ခြင်းနှင့်ရွက်လွှင့်ခြင်း ကို ကန်သာယာတွင်လည်းကောင်း ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၃ ရက်နေ့ထိ လေ့ကျင့်သင်ကြားသွားကြမည်ဖြစ်ပြီး မေလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်မြို့များသို့လေ့လာရေးခရီးသွားရောက်၍ မေလ ၂၉ ရက်နေ့ တွင် သင်တန်းဆင်းမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်း သူများအတွက် အားကစားပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


.


