မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား မော်တော်ယာဉ် တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား မော်တော်ယာဉ် တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / August 12, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ဦးဝေထွန်းကျော်(၃၀) နှစ်သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေဆိပ်သို့ 6L-XXXX DAIHATSU MIRA အဖြူရောင်မော်တော်ယာဉ်ဖြင့် ခရီးသည်များ သွားရောက်ပို့ဆောင်ပြီး တံတားဦးလေဆိပ်မှ ချောက်မြို့ဘက်သို့ တံတားဦး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ချောက်သွားကားလမ်းအတိုင်း တစ်ဦးတည်း မောင်းနှင်ပြန်လာစဉ် ချောက်မြို့နယ်၊ ဆင်ကကျေးရွာအနီးအရောက် အသင့်စောင့်ဆိုင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ မော်တော်ယာဉ်အား ရပ်တန့်ခိုင်းကာ ဦးဝေထွန်းကျော်အား မော်တော်ယာဉ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စန်းကန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။