မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင် တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင် တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / August 12, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာနေ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံမှ ဓာတ်ခွဲခန်းဝန်ထမ်းဖြစ်သူ ဒေါ်ခင်လဲ့လဲ့ဖြူ(၄၂)နှစ်သည် သရက်ချဉ်ကျေးရွာမှ ချောင်းဖြူမြောက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် သရက်ချဉ်ကျေးရွာအနောက် မြောက်ဘက် သုံးမိုင်ခန့်အကွာ ဆုတ်လေဦးလမ်းဆုံအရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီး၍ ဒေါ်ခင်လဲ့လဲ့ဖြူအား ဆိုင်ကယ်နှင့်အတူ ဆုတ်လေဦးလမ်းဆုံအနောက်ဘက် သုံးမိုင်ခန့်အကွာ တောင်ဘိုကျေးရွာဘက်သို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။