မင်္ဂလာတရား၊ သင်္ဂဟတရားနှင့်အညီ လေးစားတန်ဖိုးထားဂုဏ်ပြုချီးမြှင့်

မင်္ဂလာတရား၊ သင်္ဂဟတရားနှင့်အညီ လေးစားတန်ဖိုးထားဂုဏ်ပြုချီးမြှင့်


Ministry of Information/ Naypyitaw / January 06, 2026
image_latest


နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့၊ အစိုးရတစ်ရပ်က ဆောင်ရွက်ခြင်းထက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စွမ်းဆောင်နိုင်သူများ၏ ပါဝင်ဆောင်ရွက်မှုအားသည် ပို၍အဓိကကျသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့အင်အားများ စုစည်းပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် သမိုင်းကြောင်းတွင်လည်းကောင်း၊ မျက်မှောက်အခြေအနေတွင်လည်းကောင်း ထိရောက်သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို နိုင်ငံတော်က လက်ခံယုံကြည်အသိအမှတ်ပြုပြီး ဂုဏ်ပြုလျက်ရှိသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်ခဲ့သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်ကြသည့် ပုဂ္ဂိုလ်များအား လေးစားတန်ဖိုးထားသောအားဖြင့် နိုင်ငံတော်က နှစ်စဉ် နေ့ကြီးရက်ကြီးများတွင် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။

နိုင်ငံသူ နိုင်ငံသားများ၏ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ပင် ယနေ့နိုင်ငံတော်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လက်နက်ကိုင်အကြမ်းဖက်မှုအန္တရာယ်များနှင့် အခက်အခဲများကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ မဝေးလှသော ကာလများအတွင်းက ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြီးနှင့် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်၊ အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး ဘေးအန္တရာယ်များကိုလည်း နိုင်ငံတော်အစိုးရနှင့်အတူ ကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံးအတူပူးပေါင်းလက်တွဲပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုသက်သေပင်ဖြစ်သည်။

အထူးသဖြင့် “နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများနှင့်အတူ ပထဝီအနေအထားအရ အဓိကကျသည့်နေရာတွင် ရှိနေသည့်အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများလည်းရှိနေကြကြောင်း၊ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြပြီး နိုင်ငံအတွက် ကောင်းမွန်သည့်အမွေကို ပေးခဲ့ကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့ကာလ၊ မိမိတို့မျိုးဆက်များသည် နိုင်ငံတော်အပေါ် သစ္စာရှိပြီး တာဝန်ကျေပွန်မည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံအတွက် အသက်တမျှအရေးကြီးလှသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်က တိုင်းရင်းသား ပြည်သူများနှင့်လက်တွဲပြီး သက်စွန့်ကြိုးပမ်း ရင်ဆိုင်ကာကွယ်ခဲ့ကြသည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး သုံးပါးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လေးနက်စွာခံယူ စောင့်ထိန်းကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းအားကို အားကောင်းစေသည့် စစ်မှန်စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားကို ကျရာကဏ္ဍမှ တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး ကဏ္ဍအလိုက် စွမ်းစွမ်းတမံ၊ ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား နှစ်စဉ်နေ့ကြီးရက်ကြီးများတွင် တန်ဖိုးထားလေးစားဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရား၊ သင်္ဂဟတရားများနှင့်အညီဖြစ်သည်။ ဤသင်္ဂဟတရားထွန်းကားမှသာ လောကကြီး သာယာငြိမ်းချမ်းမည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်ကိုယုံကြည်ပြီး နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ဆက်လက်သယ်ပိုးစွမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,