မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ လုယက်မှုကျူးလွန်သူ အမျိုးသား လေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ လုယက်မှုကျူးလွန်သူ အမျိုးသား လေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / August 12, 2025


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဆိုင်ကယ်လုယက်မှုကျူးလွန်သူ အမျိုးသား လေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာနေ ကိုသန့်ဇင်ဖြိုး(၂၃)နှစ်သည် ၎င်းပိုင်ဆိုင်သော MDY/57W-XXXX HONDA CLICK ဆိုင်ကယ်ဖြင့် ရွာသာရွာကျေးရွာအနီးရှိ မြလိပ်တောင်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အဘွားဖြစ်သူ ဒေါ်ဆန်းမြင့်အား ခေါ်ဆောင်ရန် ရွာသာရွာကျေးရွာနှင့် စိုက်ပျိုးရေး ကျေးရွာသွား တောင်ခြေလမ်းအတိုင်း သွားရောက်စဉ် တောင်ခြေလမ်းအဝင်အရောက် အမည်မသိ အမျိုး သား နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့အနက် အမျိုးသား တစ်ဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသော ဆိုင်ကယ်၏ ယာဘက်ရှေ့ခေါင်းပိုင်းအား ခြေထောက်ဖြင့်ကန်ရာ ကိုသန့်ဇင်ဖြိုးမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့်အတူ လဲကျသွားစဉ် တောအတွင်း၌ ပုန်းအောင်းနေသော အမည်မသိ အမျိုးသား နှစ်ဦး ထပ်မံရောက်ရှိလာပြီး ၎င်းတို့ လေးဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသည့် တန်ဖိုးငွေ(၇,၀၀၀,၀၀၀)ရှိ MDY/57W-XXXX HONDA CLICK ဆိုင်ကယ် တစ်စီး၊ တန်ဖိုးငွေ(၁,၀၅၀,၀၀၀)ရှိ ရွှေလက်စွပ် တစ်ကွင်းတို့အား ယူဆောင်၍ ၎င်းတို့ လေးဦး စီးနင်းလာသည့် ဆိုင်ကယ် တစ်စီးနှင့်အတူ စိုက်ပျိုးရေးကျေးရွာဘက်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

     အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် ကိုသန့်ဇင်ဖြိုး၏ သတင်းပေးတိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား ရောက်ရှိစစ်ဆေးခြင်း၊ တရား ခံများ ထွက်ပြေးသွားရာဘက်သို့ လိုက်လံစုံစမ်းဖော်ထုတ်ခြင်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ မီးသွေးဘုတ်ကျေးရွာအနီးအရောက်တွင် သမီးရည်းစားစုံတွဲ တစ်တွဲထံမှ ဆိုင်ကယ်အား ထပ်မံလုယက်နေသည်ကို တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံ အမျိုးသားဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ သက်ပိုင်ဦး(ခ)ပိုင်ကြီး(၁၉)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်အမျိုးသား သုံးဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျွဲနဖားကျေးရွာအနီးအရောက်တွင် အမရပူရမြို့နယ်၊ တောင်တမန်ကျေးရွာနေ ထိန်လင်းနိုင်(ခ)အာကြီး(၂၆)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ မျိုးသင်္ခ(ခ)ကုလား(၁၆)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ ကျော်မိုးမြင့်(၂၃)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

     ပြစ်မှုကျူးလွန်သူ ထိန်လင်းနိုင်(ခ)အာကြီး၊ မျိုးသင်္ခ(ခ)ကုလား၊ သက်ပိုင်ဦး(ခ)ပိုင်ကြီးနှင့် ကျော်မိုးမြင့်တို့ လေးဦးအား စဉ့်ကိုင်မြို့မရဲစခန်း၌ (ပ)၁၁၆-၁၁၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အသီးသီးအမှုဖွင့်စစ်ဆေးလျက်ရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးနှင့် အခြားပြစ်မှုများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။