မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား စာဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား စာဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / October 21, 2025
PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ဆိတ် ချိုကျေးရွာ ဆိုင်းဘုတ်နှင့် စိုင်ချိုနက်ကျေးရွာလမ်းခွဲအဝင်ဇရပ်တို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်စာသားများပါရှိသော စာရွက်များအား ကပ်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ခြိမ်းခြောက်စာ လာရောက်ကပ်ထားသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။
