မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် ဝါစေ့တောင်၌ ယခင်ကမွန်ဂိုများကိုတိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟု ယူဆရသော ကျောက်လိုဏ်ဂူများ ရှိနေ

မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် ဝါစေ့တောင်၌ ယခင်ကမွန်ဂိုများကိုတိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟု ယူဆရသော ကျောက်လိုဏ်ဂူများ ရှိနေ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2024
image_latest


ရန်ကုန် မေ ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့ဟောင်းအနီးတွင် တည်ရှိသည့် တောင်ကျွန်းဟုခေါ်သော ဝါစေ့တောင်၌ ယခင်က မွန်ဂိုများကို တိုက်ခိုက်စဉ် အသုံးပြုခဲ့သည်ဟုယူဆရမည့် ကျောက်လိုဏ်ဂူများ ရှိနေကြောင်းသိရသည်။

လိုဏ်ဂူအချို့သာ လူဝင်၍ရသောအနေအထားရှိ၍ ကျန်လိုဏ်ဂူများမှာပြိုကျခြင်း၊ ဝင်ပေါက်ပိတ်ဆို့ခြင်းများဖြစ်နေကြောင်း အဆိုပါလိုဏ်ဂူများအကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သူဒေသခံတစ်ဦးဖြစ်သည့် ကိုအေးမင်းထံမှသိရသည်။

မြင်စိုင်းဒေသတွင် ရှေးလက်ရာစေတီပုထိုးများ၊ ဘုရား၊ ကျောင်းကန်များရှိနေဆဲဖြစ်ကာ အဆိုပါဒေသသည် မွန်ဂိုတို့ကိုဥမင်တူးကာခုခံခဲ့သည်ဟု ကျော်ကြားသည့်နေရာဖြစ်ပြီး ရွှေဥမင်တောင်တန်းရှိ ရွှေဥမင်ဂူနှင့်စိတ္တဂုတ်ဂူအတွင်း၌ မြင်စိုင်းခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

မြို့ရိုးနန်းတော်ရာလို့ ယူဆတဲ့နေရာက အခုကုလားကျောင်းဆိုတဲ့ ရွာဖြစ်နေတယ်။ အဲဒီရွာတစ်ရွာလုံးက မြို့ရိုးကြီးထဲမှာပဲရှိတယ်။ မြို့ရိုးနေရာက သမိုင်းပညာရှင်တွေ ပြောပြတာက တောင်မတ်မတ်တွေကြောင့် သဘာဝခံတပ်ကြီးလို ဖြစ်နေတာပါ။ အဲဒီတောင်က ကုလားကျောင်းရွာ အရှေ့ဘက်ပါ။ တောင်မှာလိုဏ်ဂူတွေ တူးထားတာ။ ဝင်ပေါက်တွေက ကျဉ်းကျဉ်းလေးတွေ ။ ဒါပေမဲ့ အထဲကိုဝင်သွားပြီဆိုရင် ဂူတွေကကျယ်တယ်။ လူတွေကလည်း ဝင်ကြတယ်။ အရင်တုန်းကလည်း လာတူးကြတယ်လို့ ပြောဖူးတယ်။ အရင်တုန်းက ကျွန်တော်တို့မမွေးခင်ကပါ။ ဂူတွေပြိုကုန်တာလည်းရှိတယ်။ စုစုပေါင်းကို ကျွန်တော်သိသလောက် လိုဏ်ဂူအလုံး ၂၀ လောက်ရှိတယ်။ တချို့ဂူဆို အဲဒီဂူအပေါ်ကို ရောက်နေပေမယ့် အဲဒီဂူကို မမြင်ရဘူး။ နယ်ခံတွေတောင် မျက်စိလည်နေတာ။ အတွင်းထဲမှာ အကျယ်ကြီး ဖြစ်သွားတာ။ မြွေအကြီးကြီးတွေလည်းရှိတော့ အရင်ကမဝင်ရဲဘူး။ အခုဝါစေ့ တောင်မှာရှိတဲ့ ဂူတော်တော်များများက ပြိုကျကုန်တယ် ဟု ၎င်းကပြောသည်။

ထိုသို့ ပြိုကျရသည့် အကြောင်းရင်းများစွာထဲတွင် ကျောက်မိုင်းခွဲခဲ့ခြင်းနှင့် ရာသီဥတုအခြေအနေကြောင့်လည်း ဖြစ်ကြောင်းသိရသည်။ “လူဝင်လို့ရတာက ဆယ်ခုမှာတောင် လွတ်လွတ်လပ်လပ်ဝင်လို့ ရတဲ့ လိုဏ်ဂူက သုံးဂူလောက်ပဲရှိတယ်။ ခါးလေးကုန်းပြီးဝင်ရတာ။ တခြားဂူတွေက ဝမ်းလျားမှောက်ပြီး ဝင်ရတာလည်းရှိတယ်။ အမိုး လိုက်ကြီး ပြိုကျတဲ့ ဂူတွေလည်းရှိတယ်။ တောင်ရဲ့အရှေ့ဆုံး အဖျားလေးမှာ ညာဘက်ခြမ်းက ဂူမှာရေးရေးလေးပဲရှိတဲ့ ကနုတ်ပန်းတွေ နံရံမှာရေးထားတာလည်းတွေ့တယ် ဟု ကိုအေးမင်းက ပြောသည်။

Htet Oo Maung

HOT NEWS
January 4,