မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / February 09, 2023


တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက် တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက် အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအား လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက် ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး မုံရွာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသား တစ်ဦး (စိစစ်ဆဲ)အား နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ လေးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကျေးရွာနေ ဒေါ်သန်းရီ (၆၅)နှစ် (ဘ)ဦးလှကြွေသည် နေအိမ်၌ သားဖြစ်သူ ကိုဝင်းထွန်း(၂၇)နှစ် (ဘ)ဦးထွန်းရွှေနှင့် တစ်ရွာတည်းနေ ဦးနေလင်းထူး (၄၈)နှစ် (ဘ) ဦးသာထွေး တို့နှင့်အတူရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိ လာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်၍ ထွက်ပြေး သွားခဲ့သဖြင့် ကိုဝင်းထွန်းတွင် လည်ပင်း၊ ဦးခေါင်းနောက်စေ့၊ ဝမ်းဗိုက်နှင့် နောက်ကျောတို့၌ ကျည် ဖောက်ဝင်ဒဏ်ရာ ၁၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်သန်းရီတွင် ယာဒူး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ဦးနေလင်းထူးတွင် ဝဲပေါင်၊ ယာတင်ပါးတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်တို့ရရှိခဲ့သဖြင့် မော်လမြိုင်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၁(B)လမ်း၊ ၁၂၁ လမ်းနှင့် ၁၂၂ လမ်းကြားနေ ဦးသာဌေး(၆၉)နှစ် (ဘ)ဦးကတင် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး အမျိုးသား နှစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ ဦးသာဌေးအား သေနတ်ဖြင့်ပစ်ခတ်ကာ ၅၁(B)လမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဦးသာဌေးတွင် နဖူး၊ ယာနားထင်နှင့် ရင်အုံယာဘက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည် မြို့နယ်၊ သိမ်ကုန်းကျေးရွာနေ ဦးအောင်ပါ(ခ) မင်းနိုင်ဦး (၄၃)နှစ် (ဘ)ဦးကျော်မြင့်သည် နေအိမ်မှ ပြင်ကြီး ကျေးရွာလှေဆိပ်သို့ ဇီးသီးအိတ်များပို့ဆောင်ရန် နွားလှည်းဖြင့် တင်ဆောင်၍ တစ်ဦးတည်းမောင်းနှင် လာခဲ့ရာ သိမ်ကုန်းကျေးရွာနှင့် ပြင်ကြီးကျေးရွာအကြားအရောက်၌ PDF အမည်ခံအကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်ပါ (ခ) မင်းနိုင်ဦးတွင် ဦးခေါင်းနှင့် လည်ပင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသား တစ်ဦး ရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်နေ ဦးစိုးထက်သူ (၃၃)နှစ် (ဘ)ဦးမျိုးသိန်းတွင် ယာလက်မ ကျည်ရှပ် ထိဒဏ်ရာတစ်ချက် ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ဖေဖော်ဝါရီလ ၄ ရက် ညနေ ၅ နာရီတွင် သူငယ်ချင်းဖြစ်သူ မနီလာအောင်နှင့် ညောင်ဦးမြို့သို့ ၎င်းပိုင်မော်တော်ယာဉ်ဖြင့်သွားစဉ် ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအကျော် အရောက်၌ PDF အမည်ခံအကြမ်းဖက်သမား လေးဦးက မော်တော်ယာဉ်အား တားဆီးရာ ၎င်းမှ ရပ်တန့်ပေးခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက် သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အလားတူ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း (၃၈)နှစ် (ဘ) ဦးစိန်သန်းသည် မြို့မရပ်ကွက်ရှိ “အာရုဏ်တော်”ဆွမ်းလောင်းအသင်းဓမ္မာရုံအရှေ့ရှိ အလှူခံ မဏ္ဍပ်၌ စဉ့်ကိုင်ကြီးကျေးရွာနေ ရာအိမ်မှူး ဦးအုန်းကြိုင် (၆၃)နှစ်နှင့်အတူရှိနေစဉ် အကြမ်းဖက်သမား သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အလှူခံမဏ္ဍပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ကာ တရုတ်ကြိုးဆွဲလက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် ဦးအုန်းကြိုင်တွင် ကျည်၊ ဗုံးစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးကျော်ကျော်လင်းတွင် ယာလက်နှင့် ဝဲခြေထောက်တို့၌ ကျည်၊ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,