မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့မှုကြောင့် ရုံးခန်းပြတင်းပေါက်မှန်များနှင့် အခင်းကြွေပြားများ ပျက်စီးဆုံးရှုံး
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့မှုကြောင့် ရုံးခန်းပြတင်းပေါက်မှန်များနှင့် အခင်းကြွေပြားများ ပျက်စီးဆုံးရှုံး
Ministry of Home Affairs/ နေပြည်တော် / December 29, 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မြို့မ(၂)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် အဆိုပါရုံးရှေ့သို့ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ပစ်ဗုံး တစ်လုံးမှာ ရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရုံးခန်းပြတင်းပေါက်အပေါ် အလင်းဝင်ပြတင်းပေါက် အသေးမှန် ၂၀ ချပ်နှင့် ကြမ်းခင်းကြွေပြား ၅ ချပ်တို့ ဗုံးပေါက်ကွဲစ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှ မပေါက်ကွဲသေးသည့် MG-1 လက်ပစ်ဗုံး တစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
