မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက်ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက်ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / May 15, 2026


     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံရွာဟောင်းကျေးရွာနေ ဦးဌေးအောင်(၃၇)နှစ်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၂)ရပ်ကွက်နေ ကိုရဲထက်အောင်(၂၈)နှစ်နှင့် မြို့မ(၄)ရပ်ကွက်နေ ကိုအောင်ပြည့်စုံ(၂၄)နှစ်တို့သည် ရေနံချေးသုတ်လုပ်ငန်းလုပ်ကိုင်ရန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့ ထွက်ခွာလာစဉ် ရေး-သံဖြူဇရပ်သွား ကားလမ်းမိုင်တိုင်အမှတ် ၅၀ မိုင် ၅ ဖာလုံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက်ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။