မွေးမြူရေးဆိုင်ရာသုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်လျက်ရှိ

မွေးမြူရေးဆိုင်ရာသုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / January 15, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေး ဌာန(ပေါင်းငူ)တွင် မျိုးရည်ချောင်းအေးခဲ ထုတ်လုပ်နေမှု၊ မျိုးနွားများ မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးထားရှိမှုနှင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များ မြေလွတ်မြေလပ်များတွင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ အရည်အသွေးကောင်းမွန်သည့် မျိုးရည်ချောင်းများ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာ၊ သန့်ရှင်းသောသောက်သုံးရေအသုံးပြုရန်၊ နွားမွေးခြံများ အစဉ်အမြဲသန့်ရှင်းမှုရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုလဲမြို့သစ်ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအား ကြည့်ရှု စစ်ဆေးပြီးပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးများတွင် အသုံးပြုလျက်ရှိသည့် ပျားရည်များ၏ အစားအစာ ဘေးကင်းလုံခြုံရေး ဂရုပြုဆောင်ရွက်ရန်၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှထုတ်လုပ်သည့် ပျားရည်အမျိုးအစားအလိုက် အာဟာရပါဝင်မှုကို ဓာတ်ခွဲသုတေသနပြု ဆောင်ရွက်ရန်နှင့် တစ်နိုင်တစ်ပိုင် ပျားမွေးမြူသူများကို စီးပွားဖြစ်မွေးမြူထုတ်လုပ် နိုင်သည်အထိအားပေးကူညီရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်လျက်ရှိသည့် စားဖားများ စမ်းသပ်သားဖောက်ထားရှိမှု၊ ပြည်တွင်း၊ ပြည်ပငါးမျိုးသစ်များ စမ်းသပ်သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ ဖော်ထုတ်သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်းနှင့် မွေးမြူရေးနည်းစနစ်များ ပညာပေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး၊ သားငါးရိက္ခာ ဖူလုံပိုလျှံရေးနှင့် ရှားပါး လာသော ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရန် ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နို့စားနွားမွေးမြူ ရေး သုတေသနနှင့် သရုပ်ပြခြံ၏ နို့စားနွား၊ နို့စားကျွဲမွေးမြူထားရှိ မှုအခြေအနေ၊ မေထုန်မဲ့နည်းဖြင့် မျိုးထိန်း၊ မျိုးပွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၊ မျိုးဖြန့်ဖြူးမှုလုပ်ငန်း၊ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးနည်းစနစ်များ၊ ဒေသနှင့်ကိုက်ညီသော နို့စားနွားမျိုးများဖြန့်ဖြူးပေးခြင်း၊ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်