ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / June 02, 2023

နေပြည်တော် ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးပြီး ပြင်ဖြူမော်ရပ်ကွက်ရှိ ရေထိန်းတာမံ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်တွင် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်အောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများ စာရင်းအမှန်ရရှိစေရေးအတွက် သက်ဆိုင်ရာ ကျေးရွာများသို့ စာရင်းကောက်အဖွဲ့များ စေလွှတ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် တာဝန်ရှိသူများနှင့်အတူ ညနေပိုင်းတွင် စစ်တွေမြို့နယ်အတွက် ခွဲဝေရရှိထားသော သစ်ခွဲသားများအား မြို့နယ်အဆင့် တာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ စနစ်တကျ ဖြန့်ခွဲပေးဝေနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်အောင်သူဦးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်တော်မြို့၊ မှန်ကျောင်း ကျောင်းတိုက်သို့ သွားရောက်၍ အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။