ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့အတွင်း၌ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့အတွင်း၌ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 14, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံအနီးနှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများဖြစ်ပွားလျက်ရှိကြောင်း ဒုစရိုက်မှုကိုမလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံ၊ လှည်းတန်းလမ်းမပေါ်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မြင်သာ(၁၀)လမ်းနေ သူရထွန်း(ခ)ဘောကြီး(၂၁)နှစ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းနေ ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ)ပါကျဲ (၂၇)နှစ်တို့ နှစ်ဦးအား ခါးပိုက်နှိုက်ရာမှ ကျူးလွန်ရရှိသော BOWEISI တံဆိပ်ပါ အညိုရောင်ခေါက် ပိုက်ဆံအိတ် တစ်လုံး၊ ငွေစက္ကူရောရာ ၁၅၅,၀၀ဝိ/- ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ခါးပိုက်နှိုက် ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ကျော်ကျော်(ခ)အသေးလေး(၂၆)နှစ်နှင့် ခါးပိုက်နှိုက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူပေးသူ ကျော်မျိုးလှိုင်(ခ) ကျော်ကြီး(၂၆)နှစ်တို့ နှစ်ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၁၁ လုံး၊ BOVI’s တံဆိပ်ပါ အညိုရောင်ခေါက်ပိုက်ဆံအိတ်တစ်လုံး၊ JERRY & EVE တံဆိပ်ပါအညိုရောင် ဘေးလွယ်အိတ်တစ်လုံး၊ ငွေစက္ကူရောရာ ၄၀ သိန်းကျပ်တို့နှင့်အတူ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ရတနာပုံလမ်းပေါ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ ကျော်မျိုးလှိုင်(ခ)ကျော်ကြီးထံသို့ ဖုန်းရောင်းချရန်အတွက် ဖုန်းဖြင့်ဆက်သွယ်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်၊ ဘောဂဗလလမ်းနေ ကျော်မျိုးနိုင်(ခ)ကိုမျိုး(ခ)အပုလေး(၂၇)နှစ်နှင့် တာပေါ်ဆိပ်ကြီးရပ်ကွက်နေ လင်းလင်းထွန်း (ခ)ဝိုင်းဝိုင်း(၂၂)နှစ်တို့ နှစ်ဦးအား ခါးပိုက်နှိုက်ရာမှရရှိသည့် VIVO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ကြည့်မြင်တိုင်မြို့နယ်၊ အုတ်ဖိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဗားကရာစာတိုက်မှတ်တိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်အသွင်ယူစောင့်ဆိုင်းနေစဉ် ခါးပိုက်နှိုက်မှုကျူးလွန်ရန် ရောက်ရှိလာသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းရပ်ကွက်၊ တောရကျောင်း ၁၀ လမ်းနေ စိန်သန်းအေး(ခ)စိန်ကြီး(၃၀)နှစ်၊ ဇော်မင်းထွေး(ခ)အောင်လေး (ခ)ကုလားကြီး (၂၈)နှစ်နှင့် တွံတေးမြို့နယ်၊ ကညွှတ်ကုန်းကျေးရွာနေ ထွန်းမင်းလတ်(ခ)တုတ်တုတ်(၂၄)နှစ်တို့ သုံးဦးအား လက်ကိုင်ဖုန်းမျိုးစုံ ခြောက်လုံး၊ ငွေစက္ကူရောရာ ၁၄ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ခါးပိုက်နှိုက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူပေးသူ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဗားကရာငှက်ပျောတန်း၊ အမှတ်(၁၁၁)နေ မျိုးကျော်သူ (၃၁)နှစ်အား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ခါးပိုက်နှိုက်ရာတွင်ရရှိသည့် လက်ကိုင်ဖုန်းများ သိမ်းဆည်းပေး၍ ခါးပိုက်နှိုက်မှုကျူးလွန်သည့် နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ အလုံမြို့နယ်၊ စောရန်နိုင်(အနောက်)ရပ်ကွက်၊ သစ်တောလမ်းနေ သက်နိုင်ထွန်း(၄၁)နှစ်အား YGN EE-2479 Filder အဖြူရောင်မော်တော်ယာဉ် တစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ငွေစက္ကူရောရာ ၁၂၅,၀၀ဝ ကျပ်၊ အညိုရောင်ခေါက်ပိုက်ဆံအိတ်တစ်လုံးတို့နှင့်အတူ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မာရုံလမ်းမပေါ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့သည် ခါးပိုက်နှိုက်မှုများ ကျူးလွန်ရာ၌ စိန်သန်းအေး(ခ) စိန်ကြီး ဦးဆောင်ပြီး ဇော်မင်းထွေး(ခ)ကုလားကြီး(ခ) အောင်လေးနှင့် ထွန်းမင်းလတ် (ခ) တုတ်တုတ်တို့မှ အဖွဲ့(၁)အဖြစ်လည်းကောင်း၊ လင်းလင်းထွန်း(ခ) ဝိုင်ဝိုင်း ဦးဆောင်ပြီး ကျော်မျိုးနိုင် (ခ) ကိုမျိုး(ခ) အပုလေးတို့က အဖွဲ့(၂)အဖြစ်လည်းကောင်း၊ သူရထွန်း(ခ) ဘောကြီး ဦးဆောင်ပြီး ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ) ပါကျဲ၊ ကျော်ကျော်(ခ)အသေးလေးနှင့် သက်နိုင်ထွန်းတို့က အဖွဲ့(၃)အဖြစ်လည်းကောင်း အဖွဲ့များခွဲကာ လှည်းတန်းကုန်းကျော်တံတားအနီး၌ လက်ကိုင်ဖုန်း မျိုးစုံ(၈၆)လုံး၊ ကမာရွတ်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည်ဆိုင်အရှေ့၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်းစင်တာအရှေ့နှင့် လှည်းတန်းဈေးအတွင်းတို့မှ လက်ကိုင်ဖုန်းမျိုးစုံ ၁၈ လုံး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတဝိုက်မှ လက်ကိုင်ဖုန်းမျိုးစုံ ၁၆ လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်း မျိုးစုံ ၁၂၀ လုံးတို့အား အဆိုပါနေရာများ၌ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများထံမှ ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့ကြကြောင်း၊
ထိုသို့ ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့ရာတွင် စိန်သန်အေး(ခ) စိန်ကြီး ဦးဆောင်သည့် အဖွဲ့(၁)မှ ဖုန်းမျိုးစုံ ၄၉ လုံး နှိုက်ယူခဲ့ပြီးရရှိသည့် လက်ကိုင်ဖုန်းများအား မျိုးကျော်သူထံသို့လည်းကောင်း၊ လင်းလင်းထွန်း(ခ) ဝိုင်ဝိုင်း ဦးဆောင်သည့် အဖွဲ့(၂)မှ ခါးပိုက်နှိုက်ယူရရှိခဲ့သည့် လက်ကိုင်ဖုန်းမျိုးစုံ ၁၇ လုံးနှင့် သူရထွန်း(ခ) ဘောကြီး ဦးဆောင်သည့် အဖွဲ့(၃)မှ ခါးပိုက်နှိုက်ယူရရှိခဲ့သည့် လက်ကိုင်ဖုန်း မျိုးစုံ ၅၄ လုံးတို့အား ကျော်မျိုးလှိုင်(ခ) ကျော်ကြီးထံသို့လည်းကောင်း ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိတရားခံများအား ရန်ကုန်မြို့အတွင်း ခါးပိုက်နှိုက်မှု၊ လုယက်မှုနှင့် အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ တရားခံ ၁၁ ဦးအနက် စိန်သန်းအေး (ခ)စိန်ကြီး၊ ဇော်မင်းထွေး(ခ) အောင်လေး(ခ)ကုလားကြီး၊ ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ)ပါကျဲနှင့် ကျော်မျိုးနိုင် (ခ)အပုလေးတို့ လေးဦးသည် ၂၀၂၂ ခုနှစ်မေလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျာသီရိလမ်း၌ မောင်ကတုံး(စိစစ်ဆဲ)အား ဝိုင်းဝန်းထိုးကြိတ်ပြီး ချွန်ထက်သောအရာဖြင့် ထိုးခဲ့သဖြင့် မောင်ကတုံးတွင် ယာနံဘေး၊ ယာပေါင်၊ ရင်အုံဝဲဘက်တို့၌ ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးခဲ့သောကြောင့် ကမာရွတ်မြို့မရဲစခန်း(ပ)၁၃၆/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည့်အမှုမှ အလိုရှိလျက်ရှိသော တရားခံပြေး ၁၃ ဦး အနက်မှ လူသတ်မှုအား အဓိကဦးဆောင်ကျူးလွန် တိမ်းရှောင်လျက်ရှိသည့် တရားခံပြေး လေးဦး ဖြစ်ကြောင်း ထပ်မံစစ်ဆေးဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ ကိုးဦးနှင့် ကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူသူ တရားခံနှစ်ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ခါးပိုက်နှိုက်ရာမှ ရရှိခဲ့သည့် ငွေစက္ကူရောရာ ၅,၆၈၀,၀၀ဝ ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် Toyota Filder အဖြူရောင်မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဒုစရိုက်မှုကိုမလိုလားသူ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ ဒုစရိုက်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လျှို့ဝှက်စွာသတင်းပေးပို့ခဲ့ပြီး ဖမ်းဆီးမှုဆောင်ရွက်စဉ်အတွင်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်သိပြည်သူများအား ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် အလားတူဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေးအတွက် မိဘပြည်သူများအနေဖြင့် ဒုစရိုက်သမားများ၏ သတင်းများအား နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ အသိပေးတိုင်ကြားနိုင်ပါကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

